top of page

အမေရိကန်ကျားဖြန့်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့အပေါ် စစ်အုပ်စုသံသယဝင်နေ

  • Writer: BVJ
    BVJ
  • 7 days ago
  • 1 min read

ယူဂရင်း/BVJ_နိုဝင်ဘာ ၁၉၊ ၂၀၂၅

ree

အမေရိကန်အစိုးရက အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(Scam Center Strike Force)ကိုဖွဲ့စည်းပြီးဆောင်ရွက်နေတာဟာ နက်နဲတဲ့ရည်ရွယ်ချက်တခုရှိနေတယ်လို့ စစ်အုပ်စုပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။


အမေရိကန်ဟာ ကျားဖြန့်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ဖွဲ့စည်းပြီး အရှေ့တောင်အာရှက ကျားဖြန့်ဂိုဏ်းတွေရှိတဲ့ မြန်မာ၊ကမ္ဘောဒီးယား၊ လာအိုနိုင်ငံစတဲ့နိုင်ငံတို့က ကျားဖြန့်ဂိုဏ်းခေါင်ဆောင်တွေကို ပိုက်စိပ်တိုက်ရှာဖွေအပြစ်ပေးသွားမယ်ဆိုပြီး အခုလ ၁၂ရက်ကထုတ်ပြန်ကြေညာခဲ့တာပါ။


အမေရိကန်ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်အုပ်စုပြောခွင့်ရက “လိမ်လည်မှုတွေဟာ အမေရိကန်မှတရုတ်ရာဇဝတ်ဂိုဏ်းများရဲ့အိတ်ကပ်ထဲသို့ မျိုးဆက်တခုပြီးတခု ချမ်းသာကြွယ်ဝမှုရှိအောင်ဖန်တီးနေတယ်ဆိုပြီးလည်း စွပ်စွဲထားတာတွေ့ရပါတယ်။ သူတို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေပါအချက်အတွေကို သုံးသပ်ကြည့်ရင် ဒီနိုင်ငံအနေနဲ့ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးဆိုတာထက် နက်နဲတဲ့လျို့ဝှက်ရည်ရွည်ချက်တခု ရှိနေနိုင်တယ်လို့ကျနော်တို့သုံးသပ်ရရှိပါတယ်”လို့ သူတို့ထိန်းချုပ်သတင်းဌာနတွေကနေ ဒီနေ့မှာထုတ်ပြောလာပါတယ်။


စစ်အုပ်စုအနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေတိုက်ဖျက်ရေးတိုင်းမှာ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုတွေရှိသလို ထိုင်းနဲ့လည်းပူးပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်းကိုလည်း ထည့်သွင်းပြောသွားပါတယ်။


အမေရိကန်ကျားဖြန့်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ဖွဲ့စည်းပြီးနောက်မှာပဲ တရုတ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊လာအိုနဲ့ဗီယက်နမ် ခြောက်နိုင်ငံကလည်း ကျားဖြန့်တိုက်ဖျက်ရေးပူးတွဲအဖွဲ့ ဖွဲ့စည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ကူမင်းဆွေးနွေးပွဲကနေထွက်ပေါ်လာတဲ့ရလဒ်ဖြစ်တယ်လို့ စစ်အုပ်စုသတင်းစာတွေမှာ အခုလ ၁၆ရက်ကကြေညာခဲ့ပါတယ်။


လက်ရှိမှာ ကျားဖြန့်ဂိုဏ်းတွေအခြေစိုက်တဲ့ KK Park ၊ ရွှေကုက္ကိုလ်၊ ကျောက်ခတ်ဒေသတို့ကို စီးနင်းဖမ်းဆီးနှိမ်နင်းမှုတွေလုပ်နေကြောင်း၊ ကျားဖြန့်အဆောက်အဦးဖြိုချဖျက်ဆီးမှုတွေကို ထိုင်းနိုင်ငံဘက်က သူတို့ဘက်ကိုထိမှာစိုးတာကြောင့်တားဆီးကန့်ကွက်မှုတွေလုပ်နေကြောင်းနဲ့ ဒီဖောက်ခွဲမှုတွေဟာအဆင့်မြင့်ဖောက်ခွဲမှုတွေဖြစ်တဲ့အတွက် အနီးအနားကိုတောင် လွင့်စင်ထိခိုက်မှုမရှိနိုင်ကြောင်းကိုလည်း စစ်အုပ်စုပြောခွင့်ရကပြောပါတယ်။

ree

မြန်မာနိုင်ငံက ကျားဖြန့်စင်တာတွေမှာ နိုင်ငံတကာကသူတွေကိုလိမ်လည်ခေါ်ဆို ဖမ်းဆီးမှုတွေလုပ်ပြီး အဓမ္မညှင်းပန်းနှိပ်စက်ခိုင်းစေမှုတွေရှိနေ‌တာကြောင့် ဒီပေါ်မှာနိုင်ငံတကာကအာရုံစိုက်လာချိန်မှာ အာဏာသိမ်းစစ်အုပ်စုကလည်း ကျားဖြန့်ဒေသတွေကိုနှိမ်နင်းနေကြောင်း ရုပ်သံ၊ကြေညာချက်တွေကို နေ့တိုင်းနီးပါးထုတ်ပြလာပါတယ်။


မနေ့က နိုဝင်ဘာ ၁၈ရက်ကလည်း ကရင်ပြည်နယ်၊မြဝတီမြို့ ရွှေကုက္ကိုမြို့သစ်ထဲကကျားဖြန့်စင်တာကို နယ်ခြားစောင့်တပ်(BGF)နဲ့ မြန်မာစစ်တပ်ပူးပေါင်းတပ်ဖွဲ့ကဝင်စီးနင်းခဲ့ပြီး နိုင်ငံခြားသား လေးရာနီးပါးကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနတွေမှာဖော်ပြခဲ့ပါတယ်။


BGF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်ကတော့ ရွှေကုက္ကိုလ်မှာ ကျားဖြန့်နဲ့ပတ်သက်တဲ့သူ နှစ်ထောင်ဝန်းကျင်လောက်ရှိတယ်လို့ ထိုင်းသတင်းဌာနဖြစ်တဲ့ The Reporters မှာဖြေထားပါတယ်။

ပုံစာ-စစ်အုပ်စုနဲ့BGFပေါင်းပြီး ၂၀၂၅၊ နိုဝင်ဘာ ၁၈ရက်က ရွှေကုက္ကိုလ်မြို့သစ်ကိုဝင်စီးပြီး ဖမ်းဆီးခဲ့ပုံ။(ဓါတ်ပုံ- The Reporters)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page