သံသယဖြစ်ဖွယ်အချက်တချို့ကြောင့် ၈၈ မျိုးဆက် ငြိမ်း/ပွင့် ဒေါ်ရီဆွေနဲ့ ရွှေဘို ပကဖ ၆ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရတာလို့ TNLA ကပြော
- BVJ

- Jul 5
- 1 min read
BVJ _ ဇူလိုင် ၅ ၊ ၂၀၂၅

ကျောက်မဲမြို့က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်းတာဝန်ခံ ဒေါ်ရီဆွေနဲ့ ရွှေဘိုမြို့နယ်က (ပကဖ) ၆ ဦးကို TNLA က နမ္မတူမြို့မှာ ဖမ်းဆီးစစ်ဆေးခဲ့ရတာဟာ သံသယဖြစ်ဖွယ်အခြေအနေတွေကြောင့်လို့ PSLF/TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး -၂ ဗိုလ်မှူးကြီး တားပန်လက ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒီဖြစ်စဉ်မှာ သံသယဖြစ်ဖွယ်လေးတွေရှိပါတယ်။ နံပါတ်တစ်ကတော့ ကြိုတင်အကြောင်းကြားမှုတွေမရှိသလို ခရီးသွားခွင့်လက်မှတ်တွေလည်း မပါရှိဘူး။ ပြီးတော့ တရားမဝင် လက်နက်ရောင်းဝယ်နေတယ်ဆိုတဲ့ သံသယဖြစ်ဖွယ်တွေလည်း တွေ့ရှိရပါတယ်။ အဲဒါကြောင့်မို့ ခေါ်ယူမေးမြန်းထားတာမျိုးတွေ ဖြစ်ပါတယ်။ ခေါ်ယူမေးမြန်းတဲ့ကိစ္စတွေ ပြီးဆုံးသွားတာမို့ သူတို့ပါလာတဲ့ပစ္စည်း၊ ငွေကြေးတွေနဲ့ ပြန်လွှတ်ပေးလိုက်တာမျိုး ရှိပါတယ်” လို့ ဗိုလ်မှူးကြီး တားပန်လှက ပြောပါတယ်။
၈၈ မျိုးဆက် ငြိမ်း/ပွင့် ဒေါ်ရီဆွေနဲ့ ပကဖ ၆ဦးကို တအာင်းတပ် TNLA က ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်က ဖမ်းဆီးခဲ့ပြီး ၁၁ ရက်အကြာ ဇွန် ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ဒေသအတွင်း မလိုအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်ပေါ်ဖို့ ခရီးသွားလာခွင့်ကို တင်းကြပ်ထားတယ်လို့ PSLF/TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး -၂ ဗိုလ်မှူးကြီး တားပန်လက ဒီနေ့ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ကျွန်တော်တို့ တအာင်းနယ်မြေမှာတော့ ဘဝတူ မဟာမိတ်တပ်ဖွဲ့တွေ ဖြတ်သန်းသွားလာ တာမျိုးတွေကို၊ လာရောက်လည်ပတ်တာမျိုးတွေ သွားလာမှုတွေ အမြဲတမ်းလိုလိုရှိပါတယ်။ မသွားလာခင်မှာ ကျွန်တော်တို့ ကြိုတင်ပြီးမှ အကြောင်းကြားဖို့၊ ကြိုတင်ပြီးမှ ခရီးသွားလာခွင့် လက်မှတ်တွေယူဖို့လည်း အမြဲတမ်းလိုလို မှာကြားပါတယ်။ … ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာက ရှုပ်ထွေးမှုဖြစ်နေတယ်၊ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်လည်းဖြစ်နေတော့ လူဝင်လူထွက်ကို တင်းကြပ်ထားပါတယ်” လို့ သတင်းထောက်ရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
လက်ရှိဒေသတွင်း ရှုပ်ထွေးမှုတွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတာအပြင် တရားမဝင် လက်နက်မှောင်ခိုရောင်းဝယ်မှုတွေကို ထိန်းချုပ်လိုတာကြောင့် ဒေသတွင်း ဖြတ်သန်းခရီးသွားလာမှုတွေကို တင်းကြပ်ထားတာဖြစ်ပြီး ခရီးသွားပြည်သူတွေနဲ့ မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း ကြိုတင်ပြီးမှ ခရီးသွားလာခွင့် အကြောင်းကြားဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။







Comments