TNLAထိန်းချုပ် ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေတပ်ဗုံးကြဲ၊ အရပ်သား ၆ဦး သေဆုံး
- BVJ

- Jul 30
- 1 min read
BVJ/ ဂျိုး ၊ ဇူလိုင် ၃၀၊ ၂၀၂၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ကွတ်ခိုင်မြို့ကို ဒီနေ့ မနက်အစောပိုင်း ၁နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား (၆)ဦးသေဆုံးခဲ့ပြီး (၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။
ဒီနေ့ မနက်အစောပိုင်း (၁၂း၅၅)နာရီအချိန်မှာ ကွတ်ခိုင်မြို့ ၊ ရပ်ကွက် (၂)ရရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက ပေါင်(၂၅၀)ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၁)ဦး၊ အမျိုးသမီး (၁)ဦးနဲ့ အမျိုးသား (၄)ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး (၃)ဦးနဲ့ အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်နေအိမ် နှစ်လုံးနဲ့တည်ခိုးခန်းအဆောက်အဦးတချို့လည်း ဗုံးစထိမှန်ပျက်စီးသွားတယ်လို့ ဖော်ပြပါတယ်။

မနေ့ကလည်း မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ်က မိုင်းလုံမြိုနယ်တွေကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား (၄)ဦးသေဆုံးခဲ့ပြီးတော့ (၂၀)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို နေအိမ် ၂၀နီးပါးလည်း ပျက်စီးခဲ့ပါသေးတယ်။
စစ်ကောင်စီအနေနဲ့ဒီလအတွင်းမှာပဲ ရှမ်းပြည်နယ်က ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနဲ့ မန္တလေး တိုင်းအတွင်းက မိုးကုတ်မြိုနယ်တို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၈ကြိမ်အထိလုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း ကလေးနှစ်ဦးအပါအဝင် အမျိုးသား ၁၃ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၄ဦး၊ အမျိုးသား ၃၅ ဦးနဲ့ အမျိုးသမီး ၉ တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ြပပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာ၊ရပ်ကွက်၊ မြို့နယ်တွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ရေးသတိအမြဲရှိ ကြဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAက တိုက်တွန်းထားပါတယ်။







Comments