KSCUမှာ ဆေးတက္ကသိုလ်၊နည်းပညာနဲ့ဥပဒေပညာတွေသင်ယူဖို့ အညာဒေသကကျောင်းသားငါးယောက် ရွေးချယ်ခံရ
- BVJ

- Jan 22
- 1 min read
အယ်နာ/BVJ_ဇန်နဝါရီ ၂၂၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ-NUG အောက်ကဖွင့်လှစ်ထားတဲ့ ကျောင်းတွေကနေ G12 အောင်မြင်ပြီးသားကျောင်းသားတွေ၊ GEDအောင်မြင်ပြီးသားကျောင်းသားတွေထဲက ငါးယောက်ကိုစီစစ်ရွေးချယ်ပြီး ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်-KSCU ကိုပညာသင်စေလွှတ်မယ်လို့ ဗကသများအဖွဲ့ချုပ်ကသိရပါတယ်။
ဒီနှစ်အတွက် ဆေးတက္ကသိုလ် ၃ ယောက် ၊ နည်းပညာ ၁ ယောက် ၊ ဥပဒေပညာ ၁ ယောက် စုစုပေါင်း ၅ ယောက်စေလွှတ်မှာဖြစ်ပြီး ဒီနှစ်မှာပထမဆုံးစတင် စေလွှတ်နိုင်တာဖြစ်ပါတယ်။
အခု ၂၀၂၆ခုနှစ်ပညာသင်နှစ်မှာ အညာကကျောင်းသားတွေကိုရွေးချယ်စေလွှတ်တာဖြစ်ပြီး အခုစေလွှတ်မယ့်သူတွေဟာလည်း စစ်အုပ်စုစစ်ကြောင်းထိုး၊ အိမ်တွေမီးရှို့ခံ၊ လေကြောင်းရန်တွေကြားကနေ အထက်တန်းပြီးမြောက်အောင်ကြိုးကြိုးစားစားသင်ယူခဲ့ကြတဲ့ ကျောင်းသားတွေဖြစ်တယ်လို့လည်း ဗကသများအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။
KIO/KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်-KSCU ကနေဘွဲ့ရဖို့အတွက် ဆေးတက္ကသိုလ်ဆိုရင် ၇ နှစ်နဲ့ နည်းပညာဆိုရင် ၆ နှစ်တက်ရမှာဖြစ်ပါတယ်။
ဗကသများအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက" ကျနော်တို့ဟာ တော်လှန်ရေးကာလကိုဖြတ်သန်းနေရတဲ့အတွက် အဆင်မပြေမှုတွေများစွာရှိနေမှာပါ။ ပညာရေးအရ မျိုးဆက်ပြတ်တောက်မှုအခြေအနေကို အကောင်းဆုံးဖြေရှင်းရတာဖြစ်တဲ့အတွက် အခက်အခဲတွေအများကြီးပါ။ ရင်ဆိုင်ရတဲ့အခက်အခဲဆုံးကတော့ ဘဏ္ဍာရေးပိုင်းဖြစ်ပါတယ်။ ကျောင်းသားတစ်ယောက်ကို ပျမ်းမျှ တစ်လ ၅ သိန်းကုန်ကျနိုင်ပါတယ်" လို့ BVJကိုပြောပါတယ်။
ပညာသင်သွားရောက်မယ့်ကျောင်းသားတွေကို ပညာသင်ထောက်ပံ့ကြေး(Scholarship)ပေးနိုင်ဖို့အတွက်လည်း အထောက်အပံ့အစီအစဉ်အဖြစ် Unbroken Dreams Campaignကိုလည်း ဗကသများအဖွဲ့ချုပ်က ပြုလုပ်နေပါတယ်။
အဲ့ဒီကမ်ပိန်းကနေ ငွေကျပ်သိန်းသုံးရာရရှိဖို့မှန်းထားပြီး ကမ်ပိန်းကိုတစ်လပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

KSCUအောက်မှာ ကျောင်း ၆ ကျောင်းရှိပြီး CDM ဆရာ ၊ဆရာမတွေက သင်ကြားပေးနေတာဖြစ်ပါတယ်။ KSCUမှာ စစ်ကောင်စီလက်အောက်ကျောင်းတွေကနေ တက္ကသိုလ်ဝင်တန်းအောင်ထားသူတွေနဲ့ ကချင်ပညာရေးဌာနဖြစ်တဲ့KEDက အသိအမှတ်မပြုတဲ့ကျောင်းတွေက အောင်မြင်ထားတဲ့သူတွေကို လျှောက်ထားခွင့်မပြုဘူးလို့ သိရပါတယ်။







Comments