စစ်ဘေးရှောင်တွေနေတဲ့စာသင်ကျောင်းဗုံးကြဲခံရပြီး အမျိုးသမီး သုံးဦးသေဆုံး
- BVJ

- Nov 18
- 1 min read
BVJ/ဂျိုး_နိုဝင်ဘာ ၁၈၊ ၂၀၂၅

ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကျောက်ဖြူမြို့နယ်အတွင်းက တောင်ငူကျေးရွာကို ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီလေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၃ ဦးသေဆုံးပြီးတော့ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
တောင်ငူကျေးရွာအတွင်းက စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့စာသင်ကျောင်းကိုဗုံးကြဲချခဲ့တာ ဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။
“လေယာဉ်ကတော့မနေ့က ကတည်းကရွာနားမှာဝဲနေတာဒီကနေ့မနက်ပိုင်းမှာတော့ ရွာထဲမှာရှိတဲ့ စာသင်ကျောင်းကိုကြဲချသွားတာ။ အဲမှာ ၃ယောက်သေသွားတာ၊ ဒဏ်ရာရတဲ့သူတွေ လည်းရှိ တယ်။”လို့ပြောပါတယ်။
စစ်အုပ်စုဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသူတွေထဲမှာ အသက် ၁၆နှစ်အရွယ်ကျောင်းသူတစ်ဦးအပါအဝင် အသက် ၄၇ခုနှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက် ၇၄နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားတာဖြစ်ပါတယ်။
လက်ရှိဗုံးကြဲခံရတဲ့တောင်ငူကျေးရွာဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်ဖြူမြို့နယ်၊မင်းပြင်ကျေးရွာနဲ့ မိုင်၁၀၀ကျော်အကွာ ကျောက်ဖြူ-ရန်ကုန်ကားလမ်းဘေးမှာတည်ရှိတဲ့ ကျေးရွာတခုဖြစ်သလို တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ရွာနားမှာ ဘာတိုက်ပွဲမှလည်း ဖြစ်တာမရှိဘူး။ သပ်သပ်ကိုကြဲချသွားတာ။သူတို့က (စစ်အုပ်စု) AAကို တိုက်မနိုင်တော့ ပြည်သူတွေကိုပဲ ဗုံးကြဲနေတာ”လို့ပြောပါတယ်။
အဲဒီတောင်ငူကျေးရွာမှာ ကျောက်ဖြူမြို့အနီးအနားကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးဒုက္ခသည်တွေ အများအပြားလာရောက်နေထိုင်နေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေသခံကျေးရွာသားတွေအပါအဝင် ကျေးရွာအတွင်း လာရောက်နေထိုင်တဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ထပ်မံထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူအပါအဝင် မြို့နယ်တော်တော်များများကို လေကြောင်းဗုံးကြဲတာတွေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ဒီလအတွင်းမှာပဲ အရပ်သား ၅၀ကျော်သေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရသူအများအပြားရှိနေပါတယ်။







Comments