ကိုမင်းဇင်အပါအဝင် တရုတ်ကဖမ်းထားတဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကိစ္စ သမ္မတရှီကျင့်ဖျင်နဲ့ဆွေးနွေးခဲ့တယ်လို့ ထရမ့်ပြော

အေတီ/BVJ_အောက်တိုဘာ ၁၊ ၂၀၂၆

ပြီးခဲ့တဲ့ဇွန်လတုန်းက တရုတ်ပြည်မှာအဖမ်းခံခဲ့ရတဲ့ ISP-Myanmar အဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာ၊ အမေရိကန်နိုင်ငံသားကိုမင်းဇင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့အမှုကိစ္စတွေကို တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကအတည်ပြုပါတယ်။
"ကျွန်တော်တို့ဆွေးနွေးခဲ့ကြပါတယ်။ အလွန်တရာမှအရေးပါတဲ့ ဆွေးနွေးမှုတွေလုပ်နိုင်ခဲ့တယ်လို့ထင်ပါတယ်။ အကျိုးရှိမယ့်ဆွေးနွေးမှုတွေဖြစ်လာမယ်လို့လည်းမျှော်လင့်ပါတယ်"လို့ ထရမ့်ကထပ်လောင်းပြောပါတယ်။
တရုတ်နိုင်ငံရဲ့ တီဘက်လူမျိုးတွေ၊ ဝီဂါတွေနဲ့အစိုးရကိုဆန့်ကျင်ပြောဆိုသူတွေအပေါ် ဆက်ဆံပုံနဲ့ပတ်သက်ပြီးပြောဆိုမှုကိုရှောင်ရှားလေ့ရှိပေမယ့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံရပ်ခြားမှာဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေလွတ်မြောက်လာရေးကို ထရမ့်ကဦးစားပေး လုပ်ဆောင်ခဲ့တယ်လို့ပြောလို့ရပါတယ်။
အမေရိကန်ကို တရုတ်သမ္မတရောက်ရှိလာဖို့ရှိနေတဲ့အကြောင်း မတိုင်ခင်ကတည်းက တရုတ်နိုင်ငံမှာမတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့ကိစ္စရပ်တွေကို တရုတ်ခေါင်းဆောင်နဲ့တွေ့ဆုံစဉ်ဆွေးနွေးသွားဖို့ မျှော်လင့်ထားကြောင်း အိမ်ဖြူတော်ကပြောကြားထားခဲ့ပါတယ်။

ကိုမင်းဇင်ရဲ့ဇနီးဖြစ်သူ ဆယ်လ်ဗီယာဇင် Sylvia Zinဟာ စက်တင်ဘာ ၁၆ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ တရုတ်နဲ့မြောက်ကိုရီးယား ဖိနှိပ်မှုများဆိုင်ရာ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးဆပ်ကော်မတီကြားနာပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ကိုမင်းဇင်လွတ်မြောက်ရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့တွေ့ဆုံချိန်မှာ ဆွေးနွေးတောင်းဆိုပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်နိုင်ငံသားကိုမင်းဇင်ဟာ ဇွန်လ ၃ ရက်နေ့မှာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို တက္ကသိုလ်တစ်ခုကပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ (Academic workshop)တစ်ခုတက်ရောက်ဖို့ဖိတ်ကြားခံရလို့ သွားရောက်စဉ် ကူမင်းမြို့လေဆိပ်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဇွန်လအတွင်းက တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီးနောက်၊ အမေရိကန်အစိုးရက သူ့ကိုသြဂုတ်လမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအဖြစ်သတ်မှတ်ခဲ့ပါတယ်။
ဒါ့အပြင် ဟောင်ကောင်ရဲ့ တရုတ်အစိုးရကိုအပြင်းအထန်ဆုံးဝေဖန်သူနဲ့ မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်း (Jimmy Lai) ရဲ့ကိစ္စကိုလည်း ထရမ့်ကရှီကျင့်ဖျင်ကိုမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဂျင်မီလိုင်းရဲ့ အမှုဟာ ဟောင်ကောင်မှာအမျိုးသားလုံခြုံရေးနှိပ်ကွပ်မှုတွေလုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး တကမ္ဘာလုံးကိုစိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့ပါတယ်။ တစ်စိတ်တစ်ပိုင်းအားဖြင့်လည်း အခုအခါပိတ်သိမ်းသွားပြီဖြစ်တဲ့ Apple Dailyသတင်းစာရဲ့တည်ထောင်သူအနေနဲ့ သူ့ရဲ့ နာမည်ကျော်ကြားမှုကြောင့်ဖြစ်ပါတယ်။
ဂျင်မီလိုင်းကို ဖေဖော်ဝါရီလအတွင်းမှာ တရုတ်အစိုးရက နိုင်ငံခြားအင်အားစုတွေနဲ့ပူးပေါင်းကြံစည်မှုနှစ်မှုနဲ့ ပုန်ကန်တတ်တဲ့စာပေပစ္စည်းများထုတ်ဝေမှုတစ်မှုတို့နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားပါတယ်။




Comments