မန္တလေးသပိတ်ခေါင်းဆောင်ကိုဖမ်းဆီးပြီး အခြေအနေမသိရတာကြောင့် အသက်အန္တရာယ်အပေါ်စိုးရိမ်မှုမြင့်တက်နေ
- BVJ

- Dec 23, 2025
- 1 min read
မိုနာ/BVJ_ဒီဇင်ဘာ ၂၃၊ ၂၀၂၅

အာဏာသိမ်းစစ်အုပ်စုက ဆုကြေးငွေနဲ့ဖမ်းဝရမ်းထုတ်ထားတဲ့ မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုထက်မြတ်အောင်ဟာ အခုလ ဒီဇင်ဘာ၁၄ရက်က စတင်အဆက်အသွယ်ပြတ်တောက်ပြီးနောက် လက်ရှိအချိန်ထိအခြေအနေမသိရသေးတာကြောင့် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရ.တ.က.သ)က မနေ့ကထပ်မံ ထုတ်ပြန်ပါတယ်။
ကိုထက်မြတ်အောင်ကို စစ်တပ်ကဖမ်းဆီးသွားပြီး ဖမ်းဆီးချိန်မှာလည်း ကန်ကြောက်ထိုးနှက် မတရား အကြမ်းဖက်မှုတွေကိုကျုးလွန်ခဲ့တာကိုစုံစမ်းသိရှိခဲ့ရတာကြောင့် အခုဆယ်ရက်ခန့်ကြာတဲ့အထိ ကိုထက်မြတ်အောင်အခြေအနေမသိရသေးတဲ့အပေါ် အလွန်စိုးရိမ်မိတယ်လို့လည်း ပြောထားပါတယ်။
ကိုထက်မြတ်အောင်အခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ကလည်း တစုံတရာထုတ်ပြန်တာမရှိသေးတာကြောင့် အသက်အန္တရာယ်အခြေအနေကိုစိုးရိမ်နေရပြီး စစ်တပ်အနေနဲ့ကိုထက်မြတ်အောင်ရဲ့လက်ရှိအခြေအနေကို အမြန်ဆုံးထုတ်ပြန်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် ကိုထက်မြတ်အောင်ရဲ့ အသက်အန္တရာယ်အခြေအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြဖို့ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက တိုက်တွန်းတောင်းဆိုထားပါတယ်။
ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌလည်းဖြစ်၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့ အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCC နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်း ရေးကော်မတီ (GSCB) တို့အဖွဲ့ဝင်လည်းဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ်ကိုထက်မြတ်အောင်ကို မန္တလေး စျေးချိုနားမှာ ဒေါက်တာတေဇာဆန်းတို့နဲ့အတူဆန္ဒပြတယ်ဆိုပြီး အာဏာသိမ်းစစ်အုပ်စုက ဆုကြေးငွေနဲ့ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။
အဲ့ဒီနောက် ကိုထက်မြတ်အောင်ဖမ်းဆီးခံလိုက်ရတယ်လို့ သပိတ်အဖွဲ့တွေနဲ့ကျောင်းသားအဖွဲ့တွေက ယုံကြည်နေကြပြီး ကိုထက်မြတ်အောင်အသက်အန္တရာယ်ကိုစိုးရိမ်ပူပန်မှုတွေဖြစ်နေရကြောင်းကို ဒီဇင်ဘာ ၁၇ရက်မှာထုတ်ပြန်ကြေညာချက်တွေ ထုတ်ခဲ့ကြပါတယ်။







Comments