ဆုကြေးနဲ့ဖမ်းဝရမ်းထုတ်ဖမ်းခံထားရတဲ့ သပိတ်ခေါင်းဆောင်ကိုထက်မြတ်အောင် အသက်အန္တရာယ်စိုးရိမ်နေရ
- BVJ

- Dec 18, 2025
- 1 min read
မိုနာ/BVJ_ဒီဇင်ဘာ ၁၈၊ ၂၀၂၅

စစ်အုပ်စုက ဖမ်းဆီးဖို့ဆုကြေးနဲ့ဖမ်းဝရမ်းထုတ်ထားတဲ့ မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှုခေါင်းဆောင်ဖြစ်တဲ့ ကိုထက်မြတ်အောင်ဟာ ဖမ်းဆီးခံထားရပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ သပိတ်အဖွဲ့တွေက မနေ့က ဒီဇင်ဘာ ၁၇ရက်မှာပူးတွဲထုတ်ပြန်ပါတယ်။
ကိုထက်မြတ်အောင်နဲ့ အခုလ ဒီဇင်ဘာ ၁၄ရက်ကစပြီး အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်တယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနန်းလင်းက Burma VJကို ပြောပါတယ်။
“ကိုထက်မြတ်အောင်ကို ၁၄ရက်နေ့ထဲကစပြီး ကျနော်တို့အဆက်အသွယ်ပြတ်တယ်။ အဖမ်းခံထားရတယ်ဆိုတာကို ကျနော်တို့အတည်ပြုထားနိုင်တယ်။ ဖမ်းဆီးချိန်မှာလည်းရုန်းရင်းဆန်ခတ်နဲ့ ထိုးကြိတ်ရိုက်နှက်တဲ့အခြေအနေမျိုးရှိတယ်လို့လည်း ကျနော်တို့သတင်းရတယ်။ သို့သော် ဒါကိုဘယ်သူတွေကဖမ်းသလဲ အသေးစိတ်အခြေအနေဘယ်လိုရှိလဲဆိုတာ ကျနော်တို့ဆက်ပြီးအတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်”
ကိုထက်မြတ်အောင်ကို စစ်အုပ်စုကဖမ်းဆီးချိန်မှာ ပြင်းထန်တဲ့အကြမ်းဖက် ရိုက်နှက်ထိုးကြိတ်မှုတွေ ကျူးလွန်ခဲ့တဲ့အပြင် အခု သူရဲ့အသက်အန္တရာယ်အတွက်ပါ အလွန်အမင်းစိုးရိမ်ပူပန်ရတဲ့ အခြေအနေဖြစ်နေတာကို သိရှိရကြောင်းနဲ့ ကိုထက်မြတ်အောင်ရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစုံတရာဖြစ်ပေါ်ခဲ့ပါက စစ်အုပ်စုက လုံးဝ တာဝန်ယူ၊ တာဝန်ခံရမယ်လို့လည်း ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ သပိတ်အဖွဲ့တွေက အသိပေးထားပါတယ်။
အခု စစ်အုပ်စုလက်ထဲမှာဖမ်းခံထားရတဲ့ အသက် ၂၄နှစ်အရွယ်ကိုထက်မြတ်အောင်ဟာ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သူ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သလို အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY)နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)တို့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တာကြောင့် အဲ့ဒီအဖွဲ့တွေက ပူးတွဲထုတ်ပြန်လာတာပါ။







Comments