ထောင် ၁၅နှစ်ကျော်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်း မြင်းခြံထောင်တွင်း ကျဆုံး
- BVJ

- Oct 27
- 1 min read
BVJ/ဇော်_အောက်တိုဘာ ၂၇၊ ၂၀၂၅

မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၅နှစ်ခြောက်လချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တဲ့ ကိုချမ်းမင်းဟိန်းဟာ ထောင်တွင်းသေဆုံးသွားပါတယ်။
အသက် (၂၉) နှစ်အရွယ်ရှိ နိုင်ငံရေးအကျဉ်းသားကိုချမ်းမင်းဟိန်းဟာ ပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးပုဒ်မ၊ ဖောက်ခွဲ၊ လက်နက်မှုစတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၅နှစ်ခြောက်လချမှတ်ခံထားရသူဖြစ်ပြီး မြင်းခြံအကျဉ်းထောင်အတွင်းမှာ ကျောက်ကပ်၊ အသဲခြောက်၊ အသဲရောင်အသားဝါရောဂါတွေနဲ့ အခုလအောက်တိုဘာ ၁၈ ရက်နေ့မှာ ကျဆုံးခဲ့တာပါ။
ကိုချမ်းမင်းဟိန်းဟာအကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှုမလုံလောက်မှုကြောင့်ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ အောက်တိုဘာ (၂၇) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
"မြင်းခြံထောင်အတွင်း ကျဆုံးခဲ့ရတဲ့ ကိုချမ်းမင်းဟိန်းဟာ အသက် ၂၉ နှစ်အရွယ်ပဲရှိပါသေးတယ်။ အကျဉ်းထောင်ဘက်ကတော့ ကျောက်ကပ်၊ အသည်းရောင်အသားဝါ ရောဂါတို့နဲ့ ကျဆုံးခဲ့တယ်လို့ အတည်ပြုထားပါတယ်။ မြင်းခြံအကျဉ်းထောင်မှာက မိသားစုက ဆေးဝါးပို့ဆောင်မယ်ဆိုရင် စျေးဘားကနေမှ ဆေးတွေကို နိုင်ငံရေးအကျဉ်းသားတွေရဲ့ လက်ထဲကို တိုက်ရိုက်မထည့်ပေးဘဲ ဝန်ထမ်းတွေ လက်ထဲကို ထည့်ပေးတယ်။ သူတို့ဆီကမှတဆင့် လိုအပ်တဲ့အချိန်မှ တောင်းပြီး သောက်ဖို့ဆိုပြီး လစ်မစ်နဲ့ပေးတာမျိုးရှိပါတယ်။ အဲ့ဒါကြောင့် ဆေးသောက်တဲ့အချိန်တွေ နောက်ကျတာမျိုးလည်းပါတယ်။ ပြီးတော့ ရောဂါဖြစ်တဲ့အခြေအနေပေါ်မူတည်ပြီးတော့ ပြင်ပဆေးရုံကိုမပို့ဆောင်ပေးတာလည်း ပါတယ်။ သေဆုံးတဲ့အချိန်နဲ့ ဆေးရုံကို ပို့တဲ့အချိန်ကလည်း အရမ်းကို ကပ်လွန်းပါတယ်”လို့ PPNM ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ မရောင်နီလင်းက Burma VJ ကိုပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံထဲက အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိနေဘဲ အခုလို ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကတော့ အာဏာပိုင်တွေရဲ့ တာဝန်မဲ့မှုဖြစ်တယ်လို့လည်းပြောပါတယ်။
“အခုလက်ရှိအာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်အသီးသီးမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသေးပါဘူး။ တကယ်လို့သာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာရရှိခဲ့တယ်ဆိုရင် အသက်သေဆုံးမှုတွေလည်းမဖြစ်ပါဘူး။ ခန္ဓာကိုယ် ထိခိုက်ဆုံးရှုံးနိုင်တဲ့ ရောဂါတွေလည်း မဖြစ်ပါဘူး။ အကျဉ်းသားတစ်ဦးစီတိုင်းဟာ လူ့ဂုဏ်သိက္ခာနဲ့အညီ ဆေးဝါးကုသမှုခံယူခွင့်ရှိရပါမယ်။ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီးတော့ အခြေခံ ဆေးကုသခွင့် ရရမယ်ဆိုတာက လူ့အခွင့်အရေးရဲ့ အခြေခံအချက်တွေပဲဖြစ်ပါတယ်။ အခုလို ဆေးဝါးကုသမှုကောင်းစွာမရရှိဘဲ မပေးခဲ့တာကတော့ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ တာဝန်မဲ့မှုကို မီးမောင်းထိုးပြနေတာပဲဖြစ်ပါတယ်” လို့ မရောင်နီလင်းကပြောပါတယ်။
ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့တာကြောင့် အခု အောက်တိုဘာလ ၃ ရက်နေ့မှာလည်း နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦးဟာ နှလုံး၊ ဆီးချို၊ ကျောက်ကပ်ရောဂါတွေနဲ့ ထားဝယ်အကျဉ်းထောင်အတွင်း ကျဆုံးခဲ့ပြီး အခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ဆေးဝါးလုံလောက်စွာ မရရှိမှုနဲ့ အရေးပေါ်ဆေးကုသမှု မရရှိတာကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၈ ဦးရှိပြီဖြစ်တယ်လို့လည်း PPNM ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။







Comments