ခင်ဦးမြို့နယ်ထဲတပ်စွဲထားတဲ့စစ်အုပ်စုစစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရ
- BVJ

- 11 hours ago
- 1 min read
◼️စစ်အုပ်စုဘက်ကသေဆုံးမှုများပြီး လက်နက်အများအပြားရရှိ
အေတီ/BVJ - နိုဝင်ဘာ ၂၄၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က မုံလှကျေးရွာထဲမှာ ယာယီတပ်အထိုင်ချထားတဲ့ ခန်မှန်းခြေအင်အား ၁၈၀ခန့်ရှိတဲ့ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ စစ်ကြောင်းကို မုံလှစံပြကျေးရွာကနေ ပျဉ်ထောင်ရွာကိုကူးတဲ့အချိန်မှာ ဒေသခံတော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခဲ့တဲ့အတွက် စစ်ကြောင်းတကြောင်းလုံးပျက်လုနီးပါးဖြစ်သွားတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဓာတ်ပုံတွေနဲ့တကွသတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ၂၃ရက် နေ့လည်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ပွဲကို အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅)ပကဖများ၊ ခင်ဦးမြို့နယ် ပလဖ အဖွဲ့တို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြပြီး စစ်အုပ်စုဘက်ကအများအပြားသေဆုံးခဲ့သလို လက်နက်တွေလည်းသိမ်းဆည်းမိခဲ့ပါတယ်။
သိမ်းဆည်းခဲ့တဲ့လက်နက်တွေထဲမှာ ငါးကြင်းမှီး(၁)လက်၊ MA-1(၁၀)လက်၊ MA-2(၃)လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း(၁)လက်၊ MA-3(၃)လက်၊ MA-4(၁)လက်၊ G-3(၄)လက်၊ MAS Sniper(၁)လက်၊ M1-(၅)လက်နဲ့ ဆက်စပ်ကျည်၊ခဲယမ်းအစုံပါဝင်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ သေဆုံးသွားတဲ့သူတို့လူတွေရဲ့ Death Bodyတွေတောင်ပြန်မကောက်နိုင်ဘဲ သူတို့စခန်းချရာ မုံလှရွာထဲ ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။ အွန်လိုင်းပေါ်တက်လာတဲ့ ပုံတွေထဲမှာ စစ်အုပ်စုတပ်ကလူတွေ အလောင်းတွေအများကြီးကို လယ်ကွင်းထဲမှာတွေ့ရပါတယ်။
နိုဝင်ဘာ၁၁ရက်နေ့ထဲက မုံလှရွာထဲမှာရှိနေတဲ့အဲ့ဒီစစ်အုပ်စုစစ်ကြောင်းရဲ့ တိုက်ခိုက်မှုကြောင့် ဒေသတွင်းကသောင်းနဲ့ချီတဲ့လူတွေစစ်ဘေးရှောင်နေခဲ့ရတာပါ။ လက်ရှိမှာလည်း ပြန်လှန်တိုက်ခိုက်မှုတွေလုပ်လာနိုင်တဲ့အတွက် ရေဦး-ခင်ဦး-ကန့်ဘလူအစပ်ကျေးရွာတွေကို လေကြောင်းရန်သတိပေးထားတယ်လို့ သိရပါတယ်။
ခရက်ဒစ်-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး







Comments