ပြည်သူ့စစ်တပ်သား ၇ ဦး KNLAတပ်ဖွဲ့ဆီဘက်ပြောင်းလာ
- BVJ
- 22 hours ago
- 1 min read
BVJ/ဂျိုး_အောက်တိုဘာ ၁၇၊ ၂၀၂၅

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တပ်သားသစ်(၇)ဦးဟာ အောက်တိုဘာလ ၁၅ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်ရင်း(၉)ဆီကို ဘက်ပြောင်းခိုလှုံလာတယ်လို့ KNUကဒီနေ့ထုတ်ပြန်ထားပါတယ်။
လက်ရှိဘက်ပြောင်းခိုလှုံလာတဲ့တပ်သား(၇)ဦးဟာ စစ်ကောင်စီတပ် ခလရ–၇၅ တပ်ရင်းက ပြည်သူ့စစ်မှုထမ်းတပ်သားတွေဖြစ်တဲ့ ကျော်ဇေယျ (အသက် ၂၂ နှစ်)၊ သီဟနိုင် (၂၇ နှစ်)၊ အောင်မျိုးဦး (၃၆ နှစ်)၊ စည်သူဟိန်း (၂၀ နှစ်)၊ မောင်မှောက် (၂၆ နှစ်)၊ သန်းနိုင်ဦး (၃၃ နှစ်)နဲ့ ရာဇာထက် (၂၄ နှစ်) တို့ဖြစ်တယ်လို့သိရပါတယ်။
အဲဒီတပ်သားသစ် ၇ ဦးဟာ အာဏာသိမ်း စစ်ကောင်စီဖွင့်လှစ်ထားတဲ့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၇)၊ (၁၀)နဲ့(၁၃)တို့ကသင်တန်းသားတွေဖြစ်ပြီး သန်းနိုင်ဦးနဲ့ရာဇာထက်တို့ နှစ်ဦးကတော့ ရောင်း စားခံရပြီးပြည်သူ့စစ်မှုထမ်းဘဝကို ရောက်ရှိလာသူတွေဖြစ်တယ်လို့လည်း KNUကထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ရက်နဲ့ ၈ရက်နေ့တွေမှာလည်း စစ်ကောင်စီရဲ့ တိုင်းဗဟို အမှတ်(၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်ဖွဲ့ဝင်တပ်သားသစ်(၄)ဦးဟာလည်းကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ(၄)၊ K.N.D.O တပ်ရင်း(၇)ဆီ ဘက်ပြောင်းခိုလှုံလာခဲ့တာရှိပါတယ်။
အလင်းဝင်ဘက်ပြောင်းခိုလှုံလာတဲ့သူတွေအနေနဲ့ လက်နက်တွေမယူလာနိုင်ပေမယ့် လယ်ဒိုမြို့နယ်တာဝန်ရှိသူတွေကနေ နေရာထိုင်ခင်း၊ အစားအစာနဲ့အဝတ်အစားတွေ ထောက်ပံ့ပေးအပ်ပြီး ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့လည်း KNU ထုတ်ပြန်ချက်မှာဖော်ြပထားပါတယ်။
ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်းခိုင်းစေခံရတဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်အတွင်းကတပ်သားတွေအနေနဲ့လည်း မိမိတို့နဲ့နီးစပ်ရာတော်လှန်ရေးတပ်တွေဆီကို ရရာနည်းနဲ့ လက်နက်ချအလင်းဝင်ပူးပေါင်းကြဖို့လည်း ကရင်အမျိုးသားအစည်းအရုံး-KNUက တိုက်တွန်းထားပါတယ်။
Comments