KNUနယ်မြေတွေအပါအဝင် ဘားအံမြို့တွင်းကနေရာတွေမှာ စစ်အုပ်စုအင်အားတိုးချဲ့ တပ်စွဲနေ
- BVJ

- Sep 10
- 1 min read
မိုနာ/BVJ_ စက်တင်ဘာ ၉၊ ၂၀၂၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး-KNUပိုင်နယ်မြေတွေကို စစ်ကောင်စီတပ်လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်-BGFတွေက တပ်နေရာစွဲတာတွေအပါအဝင် စစ်အုပ်စုအင်အားတိုးချဲ့နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဘားအံခရိုင်၊ ဒုံရင်းမြို့နယ်အတွင်းက KNUရဲ့မွေးမြူရေးနဲ့စိုက်ပျိုးရေးခြံ၊မြေကို BGF အင်အား (၃၀)ခန့်နဲ့ အခုလ ၂ရက်နေ့မှာဝင်ရောက်တပ်စွဲသွားတာဖြစ်ပြီး အဲ့ဒီစိုက်ခြံဟာ အာရှလမ်းမဘေး နောင်သာယာရွာထိပ်မှာရှိတယ်လို့ KNUနဲ့နီးစပ်တဲ့လက်နက်ကိုင်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ဦးက Burma VJကို ပြောပါတယ်။
“KNUကို မတရားအသင်းကြေညာပြီး နောက်တရက်မှာဝင်တာပဲ။ အဲ့ဒီအချိန်က စကစ ကအာရှလမ်း မစီးမိသေးဘူး။ မတရားအသင်းကြေညာပြီးချိန် အဲ့ဒီခြံထဲမှာKNUက အစောင့်ရဲဘော်တွေရှိပေမယ့် သူတို့ဝင်လာချိန်မှာ ဆုတ်ပေးလိုက်ကြတယ်။ အဲ့ဒီနေရာကနေ ကျားကလေးဖက်ကို အာရှလမ်းမတလျှောက် လုံခြုံရေးယူပေးနေတယ်”

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ အခုနှစ် သြဂုတ် ၂၈ရက်မှာ KNUကို မတရားအသင်းနဲ့အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာလိုက်တာဖြစ်ပြီး အဲ့ဒီလိုကြေညာပြီးနောက်ပိုင်းမှာ ဘားအံမြို့ပေါ်က KNUဆက်ဆံရေးရုံးအပါအဝင် နေရာအချို့ကို BGFတွေက အစားထိုးနေရာဝင်ယူလိုက်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် ဘားအံကနေ နဘူးရွာကိုသွားတဲ့ ထီလုံ-နဘူးလမ်းပေါ်မှာ စစ်ကောင်စီတပ်ရဲ့ အဖွဲ့စုံဂိတ် နှစ်ဂိတ်ကို ထပ်တိုးချထားတဲ့အပြင် နဘူးအထိကို BGFဂိတ်တွေထပ်တိုးလာတယ်လို့ သိရပါတယ်။
“အဲ့ဒီလမ်း နဘူးက စကစတပ်ရင်းတွေဆီကိုပေါက်တဲ့ အဓိကလမ်းမကြီးပဲ။ စကစလှုပ်ရှားပုံကြည့်ရတာ နဘူးမှာရှိတဲ့တပ်တွေကို ခုနကပြောတဲ့လမ်းကတဆင့် အင်အားဖြည့်ဖို့လုပ်နေတယ်လို့ယူဆရပါတယ်။ ဆက်ဆံရေးရုံးကတော့ လောလောဆယ်ရုံးပိတ်ခိုင်းထားတယ် ကြားတယ်။ ရုံးကိုတော့ စကစတွေလာမထိုင်သေးဘူး”လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်က ပြောပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈မှာကျင်းပမယ့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲအပိုင်း-၁မှာ ကရင်ပြည်နယ်အတွင်းက ဘားအံ၊ သံတောင်ကြီးနဲ့မြဝတီမြို့နယ်တို့ပါဝင်ပါတယ်။ ကရင်ပြည်နယ်အတွင်းပြုလုပ်မယ့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို တည်ငြိမ်လုံခြုံအောင်ကျင်းပနိုင်ရေးကူညီမယ်လို့ BGFကလည်း အခုလ ၃ရက်မှာ ကြေညာထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနဲ့PDFတွေ တနှစ်ကျော်ကြာသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းပိုင်းကိုလည်း စစ်အုပ်စုကစစ်ကြောင်းထိုး ပြန်တိုက်ပြီး အခုလ ၆ရက်နေ့မှာ ပြန်စိုးမိုးသွားနိုင်ခဲ့ပါတယ်။
ပုံစာ-KNUစိုက်ခြံအတွင်း BGFများနေရာယူတပ်စွဲပြီးနောက်မြင်တွေ့ရပုံ(ဓါတ်ပုံ-ပေးပို့)







Comments