ကရင်နီခေါင်းဆောင်ဦးအောင်ဆန်းမြင့်ကွယ်လွန်မှုအပေါ် NUCC၊NUGအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေ ဝမ်းနည်းကြောင်းသဝဏ်လွှာပို့
- BVJ

- 2 days ago
- 1 min read
ကရင်နီပြည်နိုင်ငံရေးအပြောင်းအလဲအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဟုဖော်ပြ
မိုနာ/BVJ_သြဂုတ် ၃၁၊ ၂၀၂၆

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးအောင်ဆန်းမြင့်ဟာ မနေ့က သြဂုတ် ၃၀ရက်မှာကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့နိုင်ငံရေးအတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ကြောင်းသဝဏ်လွှာကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေက အသီးသီးထုတ်ပြန်လာကြပါတယ်။
ဦးအောင်ဆန်းမှုကွယ်လွန်သွားတဲ့အပေါ် NUGက "စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အရေးပါလှသော တော်လှန်ရေး အချိုးအကွေ့ကာလတွင် နိုင်ငံရေး အမြော်အမြင်ကြီးမားပြီး ရင့်ကျက်တည်ကြည်ကာသဘောထားပြည့်ဝသည့် တိုင်းရင်းသားခေါင်းဆောင်ကြီးတစ်ဦးအား ဆုံးရှုံးလိုက်ရခြင်းသည် ကရင်နီလူမျိုးများအတွက်သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစုတရပ်လုံးနှင့် ပြည်သူလူထုအတွက်ပါ အစားထိုးမရနိုင်သောကြီးမားလှသည့်ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပါသည်” လို့ NUGက ထုတ်ပြန်ပါတယ်။
ဦးအောင်ဆန်းမြင့်ဟာ ထိုင်းနိုင်ငံကဆေးရုံတစ်ခုမှာဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားတာဖြစ်ပြီး ရုပ်ကလာပ်ကိုလာမယ့်စက်တင်ဘာ ၅ရက်နေ့မှာ ကရင်နီပြည်နယ်စပ်တနေရာမှာ မြေမြုပ်သင်္ဂြိုဟ်မှာဖြစ်တယ်လို့ KNPPက အသိပေးထားပါတယ်။
ကွယ်လွန်သွားသူ ဦးအောင်ဆန်းမြင့်ဟာ KSCC၊KNPPတို့မှာတာဝန်ထမ်းဆောင်ခဲ့တဲ့အပြင် ကရင်နီပြည်ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီ(KnSCDC)ဥက္ကဌ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF)အဖွဲ့မှာ အတွင်းရေးမှူးအဖွဲ့ဝင်၊ ကရင်နီဒုက္ခသည် အမှတ်(၁)စန်းမှာ ကရင်နီလူမှုဖွံ့ဖြိုးရေး(KSDC)ကျောင်းစတင်တည်ထောင်သူလည်း ဖြစ်ပါတယ်။
"ဦးအောင်ဆန်းမြင့်သည် တရားမျှတရေး လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတို့တွင် လူကြီးလူငယ်မရွေး လူမျိုးဘာသာမခွဲခြားဘဲ လေးစားရသော စံနမူနာကောင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး စွန့်စွားနစ်နာခံကာ စိတ်ဓါတ်တက်ကြွစွာ တစိုက်မတ်မတ်လျှောက်လှမ်းခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ ယခုကဲ့လိုဆုံးရှုံးမှုသည်ပြည်ထောင်စုပေါ်ပေါက်ရေးနှင့် ကရင်နီပြည်နိုင်ငံရေး အပြောင်းအလဲများအတွက် ကြီးမားသောဆုံးရှုံးမှုတခုဖြစ်ပါသည်"လို့ ကရင်နီအမျိုးသားသားများကာကွယ်ရေးတပ်-KNDF ကလည်း ဒီနေ့ သြဂုတ် ၃၁ရက်မနက်မှာ ထုတ်ပြန်ပါတယ်။
NUCCကလည်း ဦးအောင်ဆန်းမြင့်ကွယ်လွန်သွားခြင်းဟာ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်သာမက ကရင်နီပြည်ရဲ့နိုင်ငံရေးနဲ့တော်လှန်ရေးလုပ်ငန်းစဉ်တွေအတွက်ပါ ကြီးမားလှတဲ့ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဦးအောင်ဆန်းမြင့်ကွယ်လွန်ချိန်မှာ အသက် ၆၃နှစ်ရှိပြီးဖြစ်ပါတယ်။
ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်းကို KSCCနဲ့စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ-GSC၊ကြားကာကလ မကွေးဖက်ဒရယ်ယူနစ်အစိုးရစတဲ့အဖွဲ့တွေကလည်း သဝဏ်လွှာပေးပို့ထားကြပါတယ်။




Comments