ရန်ကုန်UGတပ်ဖွဲ့ God’s Hand Forcesအဖွဲ့ခေါင်းဆောင် ပဲခူးတိုင်းစစ်ဆင်ရေးနယ်မြေမှာ ကျဆုံး
- BVJ

- 2 days ago
- 1 min read
ယူဂရင်း/BVJ_သြဂုတ် ၃၁၊ ၂၀၂၆

ရန်ကုန်မှာ စစ်ဆင်ရေးတွေလှုပ်ရှားနေတဲ့UGတပ်ဖွဲ့တစ်ခုဖြစ်တဲ့ God’s Hand Forcesအဖွဲ့ရဲ့တာဝန်ခံခေါင်းဆောင် ကိုမြင့်ဇော်စိုး (ခ)ကဗျာဆရာမောင်မိုးမြင့်(တာယာ)ဟာ အခုလသြဂုတ် ၂၅ရက် မနက်တစ်နာရီအချိန်မှာ ပဲခူးတိုင်းစစ်ဒေသ စစ်ဆင်ရေးနယ်မြေတခုမှာ (၉၆)ပါးရောဂါနဲ့ကျဆုံးသွားခဲ့တယ်လို့ ရဲဘော်၊ရဲဘက်တွေနဲ့သက်ဆိုင်သူတွေကို အဖွဲ့ကအသိပေးလာပါတယ်။
"God’s Hand Forces တာဝန်ခံ GHF 001 ကိုမြင့်ဇော်စိုး(ခ)ကဗျာဆရာမောင်မိုးမြင့် (တာယာ)သည် မိသားစုအပေါ်တွင်သာမက ရဲဘော်ရဲဘက်များအကြားတွင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု၊ သစ္စာရှိမှုတို့ဖြင့် လေးစား ချစ်ခင်ခံရသူဖြစ်ပါသည်။ ယခုကဲ့သို့ ဆုံးရှုံးရခြင်းသည် ကျန်ရစ်သူများအတွက် အလွန်ကြီးမားသော ဝမ်းနည်းကြေကွဲမှုဖြစ်ပါသည်"လို့ အဖွဲ့က မနေ့က သြဂုတ် ၃၀ရက်မှာထုတ်ပြန်ပါတယ်။
ရန်ကုန်UGအဖွဲ့တခုဖြစ်တဲ့ Urbn Owlsကလည်း ဆရာကျောင်း (ခ) ကိုမြင့်ဇော်စိုး (ခ) ကဗျာဆရာမောင်မိုးမြင့်(တာယာ)ကျဆုံးမှုအတွက် ဝမ်းနည်းကြောင်းနဲ့ကျဆုံးသူရဲ့ တော်လှန်ရေးကြိုးပမ်းဆောင်ရွက်ချက်တွေကိုလေးစားစွာဂုဏ်ပြုကြောင်း သဝဏ်လွှာကို ဒီနေ့မနက်မှာဖော်ပြထားပါတယ်။
God’s Hand Forcesအဖွဲ့ဟာ ရန်ကုန်ရှိစစ်အုပ်စုလက်အောက်က ရပ်/ကျေးအဖွဲ့ဝင်တွေ၊ သတင်းပေးဒလန်တွေ၊ စစ်အုပ်စုနဲ့အကျိုးတူပူးပေါင်းနေတဲ့စီးပွားရေးပစ်မှတ်တွေနဲ့ နေရာတွေ၊ စစ်တပ်အဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
ရန်ကုန်မြေအောက် ပြောက်ကျားတော်လှန်ရေးမဟာမိတ်အင်အားစု၁၄ဖွဲ့ထဲမှာ ပါဝင်ထားတဲ့တစ်ဖွဲ့ဖြစ်သလို လက်ရှိမှာလည်း “ရန်ကုန်မှာနားထွင်း စစ်တပ်ကိုတအားဗျင်း” ကမ်ပိန်းမှာပါဝင်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။




Comments