သက်ရှိစည်းရိုး ဝါဒဖြန့်ဇာတ်လမ်းရိုက်ပြခဲ့တဲ့ စစ်ကောင်စီဥကရစ်ထခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူ
- BVJ

- Jul 15, 2025
- 1 min read
BVJ/ယူဂရင်း_ ဇူလိုင် ၁၄၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P.D.F) ပူးပေါင်းတပ်တွေက အခုလ ၁၂ရက် ညနေပိုင်းမှာတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ၆၀မမအပါအဝင် လက်နက်ကြီးတွေနဲ့ လက်နက်ခဲယမ်းအများအပြားရရှိခဲ့ကြောင်းနဲ့ အဲ့ဒီစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်အများစုဟာ ထိုင်းဘက်ကိုထွက်ပြေးခိုလှုံသွားကြကြောင်း KNUကထုတ်ပြန်သလို ထိုင်းသတင်းဌာနတွေကလည်း ဖော်ပြကြပါတယ်။

အဲ့ဒီစခန်းကို KNLA၊ KNDO၊ PDF ဗျူဟာ (၃၂) တော်လှန်ရေးတပ်ဖွဲ့တွေ Cobra Column စစ်ကြောင်း(၁)၊တပ်ခွဲ-၂(PKYY) ရဲဘော်တွေက ပူးပေါင်းတိုက်ခိုက်သိမ်းယူခဲ့ကြတာဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲဟာ နှစ်နာရီမျှသာကြာမြင့်တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ရဲဘော်တွေပြောဆိုချက်အရ သိရပါတယ်။
ဇူလိုင် ၁၂ရက်နေ့မှာပဲ စစ်တပ်ရဲ့ဝေါလေစခန်းလက်နက်တိုက်ကို FFD Drone တပ်ဖွဲ့ နဲ့ တပ်မဟာ ၆ Drone တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ဖောက်ခွဲခဲ့ကြောင်းကို FFD Drone တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသေးတယ်။

အခုသိမ်းယူနိုင်ခဲ့တဲ့ ဥကရစ်ထစခန်းဟာ ၂၀၂၂ခုနှစ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပေမယ့် စစ်ကောင်စီဘက်က လေကြောင်းကနေအပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့်သိမ်းပိုက်နိုင်ခဲ့တာမရှိဘဲ ပြန်ဆုတ်ခွာခဲ့ရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီက သက်ရှိစည်းရိုးဆိုတဲ့နာမည်နဲ့ ဝါဒဖြန့်ဇာတ်လမ်းရိုက်ကူးပြသခဲ့တဲ့ မဆုတ်တမ်းခံတပ်စခန်းလည်းဖြစ်သလို စစ်ကောင်စီရဲ့ ဝါလေဗျူဟာနဲ့စုကလိမြို့သစ်တို့အတွက် ရိက္ခာနဲ့ ခဲယမ်းထောက်ပို့တဲ့ အချက်အချာကျစခန်းလည်းဖြစ်ပါတယ်။
ပုံစာ-ဥကရစ်ထစခန်းသိမ်းယူမှုအတွင်း ရရှိခဲ့သည့်လက်နက်များနှင့် လက်နက်တိုက်ဖောက်ခွဲ ပြီးနောက်မြင်တွေ့ရပုံ




Comments