သေ့ဘောဘိုးတိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူ ၃၀၀ နီးပါး ထိုင်းဘက်ကို စစ်ဘေးရှောင်နေရ
- BVJ

- May 28, 2025
- 1 min read
BVJ/ထက်အောင် _ မေ ၂၈ ၊ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် သေ့ဘောဘိုးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေချိန် ဒေသခံပြည် ၂၉၀ ကျော် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်ဝင်ရောက်လာနေတယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီ-ဝေါလေလမ်းပိုင်းမှာရှိတဲ့ သေ့ဘောဘိုးတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်း တပ်တွေက မနေ့ မေ ၂၇ ရက် မနက်ပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။
ဒီနေ့ မေ ၂၈ ရက် မနက်ပိုင်းအထိ ထိုင်းနယ်စပ်အနီး သေ့ဘောဘိုးမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဖုတ်ဖရမြို့နယ်အတွင်းက ဒေသခံပြည်သူတွေ လုံခြုံရေးစိုးရိမ်မှုတွေရှိနေပြီး ကျောင်းသား၊ ကျောင်းသူကလေးတွေကို မိဘဖြစ်သူတွေက ကျောင်းကိုသွားခွင့်မပေးဘဲရှိနေတယ်လို့လည်း ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
သေ့ဘောဘိုးတိုက်ပွဲပြင်းထန်နေချိန် ဝေါလေဗျူဟာအခြေစိုက်စခန်းကနေ စစ်ကူအင်အား ၁၀၀ ကျော် နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် ထိုင်းနယ်စပ် မော်ကဲထိုင်းတစ်ဖက်ကမ်း မဲကလာချောင်းအနီးမှာ KNLA ပူးပေါင်းတပ်တွေ မနေ့ညနေပိုင်းကစပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Karen Information Center က ဖော်ပြထားပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကူစစ်ကြောင်းကို ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးရမိခဲ့သလို နယ်မြေရှင်း လင်းရေးလုပ်နေတယ်လို့ KNLA ရှေ့တန်းစစ်မြေပြင်နဲ့နီးစပ်တဲ့ Thoolei Poe လူမှုကွန်ရက်အကောင့်မှာ ဖော်ပြထားပါတယ်။ အဲဒီစစ်ဆင်ရေးကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောကိုယ်တိုင် ဦးစီးတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီစစ်ကူအင်အား ၁၀၀ ကျော်ဟာ ထိုင်းနိုင်ငံကနေတဆင့် ဝင်ရောက်လာတာဖြစ်တယ်လို့ KNLA ရှေ့တန်းစစ်မြေပြင်နဲ့နီးစပ်တဲ့ Thunder Kawthoolei က ဖော်ပြထားပေမဲ့ Burma VJ အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။
သေ့ဘောဘိုးတပ်စခန်းဟာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဌာနချုပ်စခန်းရှိရာ ဆုံဆည်းမြိုင်အနီးတည်ရှိတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ် ကူပေးနေတာကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကြပ်မှုတွေ လုပ်ဆောင်နေတာတွေ့ရပါတယ်။







Comments