သေ့ဘောဘိုးတပ်စခန်းကို ဒီနေ့ညပိုင်းမှာ KNLA ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းယူ
- BVJ

- Jun 3, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇွန် ၃ ၊ ၂၀၂၅

ဒီနေ့ ဇွန် ၃ ရက် ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့တဲ့ သေ့ဘောဘိုးတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီလို့ သိရပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မြဝတီ-ဝေါလေလမ်းပိုင်းမှာရှိတဲ့ သေ့ဘောဘိုးတပ်စခန်း ဒီနေ့ ည ၆ နာရီခွဲဝန်းကျင်မှာ သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ KNLA ပူးပေါင်းတပ်တွေက အပြင်းအထန်ထိုးစစ်ဆင်ခဲ့ပြီးနောက် သေ့ဘောဘိုးတပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အလံဖြူထောင်လက်နက်ချခဲ့တာဖြစ်တယ်လို့ KNLA ရှေ့တန်းစစ်မြေပြင်နဲ့နီးစပ်တဲ့ Thoolei Poe က သူ့ရဲ့လူမှုကွန်ရက် (Facebook) မှာ ရေးသားဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်က စတင်တိုက်ခိုက်ခဲ့တဲ့ သေ့ဘောဘိုးတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းယူနိုင်ခဲ့ပေမဲ့ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ ဥကရထိစခန်း၊ ဝေါလေဗျူဟာစခန်း၊ ထီးသဲလယ်စခန်းနဲ့ ထီကပလယ်စခန်းတွေကို ဆက်လက်သိမ်းယူဖို့ ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။
သေ့ဘောဘိုးတပ်စခန်းကို လက်မလွှတ်ရစေရေးအတွက် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအသုံးပြုကာ လေကြောင်းပစ်ကူအများအပြားပေးခဲ့သလို ဝေါလေဗျူဟာစခန်းကနေ လက်နက်ကြီးပစ်ကူတွေ ပေးခဲ့ပေမဲ့ နောက်ဆုံးမှာ KNLA က အပြီးသတ်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
သေ့ဘောဘိုးတပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်က KNLA ပူးပေါင်းတပ်တွေ ပထမအကြိမ် သိမ်းယူနိုင်ခဲ့ပြီး ၆ လအကြာမှာ စစ်ကောင်စီရဲ့ အပြင်းအထန်ထိုးစစ်ဆင်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး အခု ၂၀၂၅ ဇွန် ၃ ရက်မှာ ဒုတိယအကြိမ် ပြန်လည်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။




Comments