top of page

သေ့ဘောဘိုးတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ဘေးရှောင် ၅၀၀ ကျော် ထိုင်းဘက်ဝင်ရောက်လာ

  • Writer: BVJ
    BVJ
  • Jun 3, 2025
  • 1 min read

BVJ/ထက်အောင် _ ဇွန် ၃ ၊ ၂၀၂၅



ကရင်ပြည်နယ် မြဝတီမြို့နယ်တောင်ဘက် သေ့ဘောဘိုးတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။


သေ့ဘောဘိုးတပ်စခန်းဟာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့တစ်ဖက်ကမ်းမှာရှိနေတာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၅၀၀ ကျော် ထိုင်းဘက်ခြမ်းကို ထွက်ပြေးဝင်ရောက်လာနေတယ်လို့ သိရပါတယ်။


သေ့ဘောဘိုးတပ်စခန်းသိမ်းတိုက်ပွဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်းထိုးစစ်ဆင်တွေလည်း လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီက သေ့ဘောဘိုးတပ်စခန်းကို လက်လွှတ်မဆုံးရှုံးရစေဖို့အတွက် ဒီနေ့ ဇွန် ၃ ရက်အထိ ခုခံကာကွယ်နေတာလည်း ဖြစ်ပါတယ်။


မြဝတီမြို့နယ် ဝေါလေဗျူဟာကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်ကလည်း ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေသလို လေကြောင်းကနေလည်း ပေါင် ၅၀၀ ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်နေတယ်လို့လည်း KNLA ရှေ့တန်းစစ်မြေပြင်နဲ့နီးစပ်တဲ့ Thoolei Poe က သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ ရေးသားဖော်ပြထားပါတယ်။



ပြီးခဲ့တဲ့ မေလ ၂၈ ရက်ကလည်း သေ့ဘောဘိုးတပ်စခန်းကို စစ်ကူလာတဲ့ အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောဦးဆောင်တဲ့တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့ပြီး စစ်ကောင်စီ စစ်သုံ့ပန်း ၁၀ ဦးကို ကော်ဘရာစစ်ကြောင်းက ဖမ်းဆီးရမိခဲ့ပါတယ်။


ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ မြဝတီ-ဝေါလေလမ်းပိုင်းမှာရှိတဲ့ သေ့ဘောဘိုစခန်းမှာ စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ နည်းဗျူဟာ ၄၄၃ တပ်ရင်းနဲ့ အမှတ် ၃၂ ခြေမြန်တပ်ရင်းတပ်ဖွဲ့တွေက ရှိနေတာလည်း ဖြစ်ပါတယ်။


မြဝတီမြို့တောင်ဘက်မှာရှိတဲ့ မော်ခီး၊ ရွှေအေးမြိုင်၊ ကနဲလေး၊ ဘလယ်ဒိုစခန်းတို့ကို KNLA ပူးပေါင်းတပ်တွေက သိမ်းယူထားပြီး ကျန်ရှိနေသေးတဲ့ သေ့ဘောဘိုး၊ ဥကရစ်ထ၊ ထီးထကလယ်တပ်စခန်းတွေကို KNU လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။


ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲပြင်းထန်နေတာကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကြပ်ထားပြီး လေကြောင်းကနေလည်း ကင်းလှည့်စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။


Photo: Khaosod English & The Reporters

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page