မြဝတီမြို့တောင်ဘက် တပ်စခန်း ၃ ခုကနေ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းစွန့်ခွာထွက်ပြေး
- BVJ

- May 31, 2025
- 1 min read
BVJ/ထက်အောင် _ မေ ၃၀ ၊ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီ ကနဲလေးတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက သိမ်းယူပြီးချိန် ရွှေအေးမြိုင်စခန်း၊ ဘုရင့်နောင်(ထိုးကျိုး)စခန်းနဲ့ မော်ခီးစခန်းတို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဗျူဟာနဲ့ အလှမ်းဝေးတဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ ရွှေအေးမြိုင်စခန်း၊ ဘုရင့်နောင်(ထိုးကျိုး)စခန်းနဲ့ မော်ခီးစခန်းတို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ မေ ၂၉ ရက်နဲ့ ဒီနေ့ ၃၀ ရက် နှစ်ရက်အတွင်းမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြတာဖြစ်တယ်လို့ KNLA ရှေ့တန်းစစ်မြေပြင်နဲ့နီးစပ်တဲ့ Thoolei Poe လူမှုကွန်ရက် Facebook အကောင့်မှာ ဖော်ပြထားပါတယ်။
မြဝတီမြို့တောင်ဘက်မှာရှိတဲ့ တပ်စခန်း ၃ ခုကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီးနောက် KNLA ပူးပေါင်းတပ်တွေက အဲဒီစခန်း ၃ ခုကို ထိန်းချုပ်ထားနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ စောတောနီးကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့နယ် (မြဝတီမြို့တောင်ဘက်) မှာရှိတဲ့ ထိုင်းနယ်စပ်အနီးမှာရှိတဲ့ မောခီးစခန်းနဲ့ ထိုးကျိုးစခန်းတို့ကို သိမ်းယူထားနိုင်ပေမဲ့ စစ်ကောင်စီရဲ့ ပင်မထောက်ပို့စခန်းတစ်ခုဖြစ်တဲ့ ဥကရိထစခန်း၊ ဝေါလေဗျူဟာစခန်းနဲ့ သေ့ဘောဘိုးခံစစ်စခန်းတွေကို သိမ်းယူဖို့ ကျန်ရှိနေသေးတယ်လို့လည်း KNLA တပ်ပိုင်းဆိုင်ရာ သတင်းရင်းမြစ်ကို ကိုးကားပြီး Karen Information Center (KIC) ကလည်း ဖော်ပြထားပါတယ်။
စခန်းစွန့်ခွာသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဥကရိထဗျူဟာစခန်းနဲ့ ဝေါလေဗျူဟာစခန်းတို့ဆီ သွားရောက်ပူးပေါင်းကြသလို ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိနေပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ မောခီးစခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စစ်ကောင်စီ အမှတ် ၃၂ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ အမှတ် ၅၅၅ ခြေမြန်တပ်ရင်းတို့ တပ်စွဲထားတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီစခန်းကို KNLA ပူးပေါင်းတပ်တွေက ၂၀၂၂ မတ်လ ၂၁ ရက်မှာ သိမ်းယူနိုင်ခဲ့ပေမဲ့ ၁၇ ရက်အကြာ ဧပြီ ၆ ရက်မှာ စစ်ကောင်စီက အင်အားအများအပြားနဲ့ ပြန်လည်ထိုးစစ်ဆင်သိမ်းယူကာ တပ်ဖွဲ့ဝင် အင်အား ၂၀၀ ဝန်းကျင်နဲ့ အခြေချတပ်စွဲထားတဲ့စခန်းလည်း ဖြစ်ပါတယ်။




Comments