ကရင်နီကို စစ်အုပ်စုစစ်ကြောင်းထိုးလာတာကြောင့် ဒီးမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကြီးကို KNDFအရေးပေါ် ပိတ်
- BVJ

- Feb 6
- 1 min read
ယူဂရင်း/BVJ_ဖေဖော်ဝါရီ ၆၊ ၂၀၂၆

ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆို-ရူဆို- ထားလဲ လမ်းမကြီးအပေါ် နဲ့ နန်းဖဲကျေးရွာဖက်ကို မနေ့က ဖေဖော်ဝါရီ ၅ရက်စပြီး စစ်အုပ်စုစစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုတွေဖြစ်နေတယ်လို့ သိရပါတယ်။
စစ်အုပ်စုစစ်ကြောင်းနဲ့ ထိတွေ့မှုတွေဟာ အများပြည်သူတွေအသုံးပြုသွားလာနေတဲ့ လမ်းကြောင်းတွေနဲ့နီးစပ်နေတဲ့ အခြေအနေတွေကြောင့် လုံခြုံရေးအလေးထားပြီး ဒီးမော့ဆို -ဖရူဆို -ထားလဲ -နန်းဖဲ - ဘောလခဲ လမ်းမကြီးနဲ့ လမ်းမကြီးပေါ်ဖြတ်သန်းသွားတဲ့ လမ်းသွယ်တွေအားလုံးကို မြေပြင်စစ်ရေးအခြေအနေအရ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်လိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီနေ့ မနက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ဒါကြောင့် အဲ့ဒီလမ်းတွေအသုံးပြုခွင့်ကို ဒီနေ့ ဖေဖော်ဝါရီ ၆ရက်ကစပြီး ရက်အကန့်အသတ်မရှိပိတ်လိုက်တယ်လို့ အသိပေးပါတယ်။
ကရင်နီမှာတိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေကဖမ်းမိထားတဲ့ စစ်အုပ်စုသုံ့ပန်း၆၀ကျော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကထွက်ပြေးလွတ်မြောက်သွားပြီး ထိုင်းနိုင်ငံကနေတဆင့် မြန်မာဘက်ကစစ်အုပ်စုဆီကို ပြန်ရောက်သွားပြီဖြစ်ပါတယ်။ အဲ့ဒီလွတ်မြောက်သွားသူတွေဟာ ၂၀၂၄ခုနှစ်တိုက်ပွဲတွေအတွင်း ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေဖြစ်ပါတယ်။




Comments