ကရင်နီပြည် လက်ရှိစစ်ရေးအခြေအနေကို KNDFဒုစစ်ဦးစီးချုပ် ထုတ်ပြော
- BVJ

- Sep 30
- 1 min read
ယူဂရင်း/BVJ_စက်တင်ဘာ ၃၀၊ ၂၀၂၅

ကရင်နီ(ကယား)ပြည်မှာ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုး ထိုးစစ်ဆင်လာတာကြောင့် ပြည်သူတွေလုံခြုံရေးသတိရှိကြဖို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက အသိပေးထုတ်ပြန်ထားပါတယ်။
ဒီးမောဆိုမြို့နယ်အတွင်းကို သြဂုတ်လကစတင်ပြီး အင်အားအလုံးနဲ့စစ်ကြောင်းထိုးဝင်လာပြီး ဒီးမောဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးတလျောက်စစ်ကြောင်းထိုးနေတာကြောင့် အဲ့ဒီနေရာတွေမှာတိုက်ပွဲတွေဖြစ်နေကြောင်းနဲ့ ဖယ်ခုံမြို့နယ်က တောင်စလုံးကျေးရွာဘက်ကိုလည်း PNOပြည်သူ့စစ်အဖွဲ့နဲ့စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းဖြန့်လှုပ်ရှားနေတယ်လို့ KNDFက သိရပါတယ်။
ဒါ့အပြင် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတလျောက်မှာလည်း စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေရာယူထားပြီး ကျေးရွာတွေကိုလက်နက်ကြီးနဲ့တိုက်ခိုက်၊ ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး စစ်ယာဉ်တန်း ၅၀နီးပါးကလည်း ဖရူဆိုမြို့နဲ့ အမှတ်(၁၄)တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းကို ရောက်ရှိနေကာ စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ထိတွေ့မှုတွေဖြစ်ပွားနေတယ်လို့ KNDFက အခု စက်တင်ဘာ ၂၈ရက်မှာ အသိပေးထားပါတယ်။
KNDF ဒုစစ်ဦးစီးချုပ် မာဝီက“ဒီနေ့ ဒီအချိန်မြေပြင်အခြေအနေမှာဆိုရင် စစ်ကောင်စီကဖရူဆိုကနေ ၁၄ ကျောင်းထိကို သူ့ရဲ့ ရိက္ခာကားအများကြီးရောက်သွားပြီဖြစ်တယ်။ တစ်လေးလုံးမစခင် အခြေအနေကို ပြန်ရောက်သွားတဲ့အခြေအနေမျိုး ဖြစ်တယ်။ ကျနော်တို့ အများကြီးအလုပ်ပြန်လုပ်ပြီးတော့ ပြန်လည်တိုက်ယူရမဲ့ အခြေအနေမျိုးရှိတယ်”လို့ စက်တင်ဘာလ ၂၈ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ ကရင်နီဒီးကူပွဲတော်မှာ အမှာစကားပြောကြားရင်း ထည့်သွင်းပြောခဲ့ပါတယ်။
ဒ့ါအပြင် ကရင်နီပြည်အတွက် စစ်ကောင်စီကိုအနိုင်ရဖို့ဆိုရင် စည်းလုံးမှုနဲ့ ရှိတဲ့ အရင်းအမြစ်(resource)တွေကိုပုံအောပြီး သုံးဖို့လိုကြောင်းကိုလည်း KNDFဒုစစ်ဦးစီးချုပ်ကပြောပါတယ်။

KNDFရဲ့စစ်ရေးအသိပေးထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီစစ်ကြောင်းထိုးနေရာတွေနဲ့ နီးစပ်တဲ့ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့လုံခြုံရေးသတိရှိကြဖို့နဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအတိုင်းလိုက်နာဆောင်ရွက်ကြဖို့ကိုလည်း အသိပေးထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ လာမယ့် ဒီဇင်ဘာမှာရွေးကောက်ပွဲအပိုင်း-၁ပြုလုပ်မယ်လို့ ကြေညာပြီးနောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်ရရှိရေး အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။







Comments