ကရင်နီပြည်တခုလုံးထိန်းချုပ်နိုင်ဖို့ စစ်ရေးအကန့်အသတ်ရှိနေဟု KNDFအသိပေး
- BVJ

- 20 hours ago
- 1 min read
စိုးမိုးနယ်မြေတွေ ရေရှည်ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေ
မိုနာ/BVJ_စက်တင်ဘာ ၂၊ ၂၀၂၆

လက်ရှိမှာစိုးမိုးထားတဲ့နယ်မြေတွေကို ရေရှည်တည်တံ့အောင်ထိန်းချုပ်နိုင်ရေးအတွက်ကြိုးပမ်းနေပြီး ကရင်နီပြည်တခုလုံးကိုထိန်းချုပ်နိုင်ဖို့ စစ်ရေးအကန့်တွေရှိနေဦးမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက အသိပေးထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ရက်နဲ့၂၉ရက်တို့မှာ KNDFရဲ့ပထမအကြိမ်ညီလာခံကို ကရင်နီပြည်တနေရာမှာကျင်းပခဲ့ပြီးနောက် ညီလာခံထုတ်ပြန်ချက်နဲ့နိုင်ငံရေးအစီရင်ခံစာကို မနေ့က စက်တင်ဘာ ၁ရက်နေ့မှာထုတ်ပြန်လာတာပါ။
အဲ့ဒီထဲမှာ KNDFရဲ့ လက်ရှိစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး အကျဉ်းချုပ်ဖော်ပြလာတာဖြစ်ပါတယ်။
KNDFကထုတ်ပြန်ထားတဲ့အထဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်အားကောင်းလာချိန်ကနေစပြီး ဒီနေ့အထိ အဖွဲ့အစည်းတွေအကြားညီညွတ်မှုနဲ့တိကျတဲ့ကွပ်ကဲမှုစနစ်ကို အပြည့်အဝမတည်ဆောက်နိုင်သေးတဲ့ အားနည်းချက်ကိုရင်ဆိုင်နေရဆဲလို့ ပါဝင်ပါတယ်။
လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှာ လက်နက်၊ကျည်ဆံ၊ထောက်ပို့လမ်းကြောင်းနဲ့ဘဏ္ဍာငွေလိုအပ်ချက်တွေမြင့်မားနေပေမယ့် KNDFအနေနဲ့ကတော့ သင့်လျော်တဲ့စစ်လက်နက်၊နည်းပညာတွေကိုပိုင်ဆိုင်ထားပြီး ၂၀၂၃မခုနှစ်မှာကြီးမားတဲ့စစ်ဆင်ရေးလုပ်ငန်းတွေလုပ်ဆောင်နိုင်ခဲ့သလို ကရင်နီပြည်အတွင်း စစ်တပ်ရဲ့လက်နက်အားကိုးသတ်ဖြတ်မှုနဲ့မတရားအုပ်ချုပ်မှုတွေကို အတတ်နိုင်ဆုံးတားဆီးနိုင်ခဲ့တယ်လို့လည်းပြောထားပါတယ်။

ဒါ့အပြင် စိုးမိုးနယ်မြေတွေရေရှည်ထိန်းချုပ်ထားနိုင်ရေးစဉ်ဆက်မပြတ်ကြိုးပမ်းနေသလို ကရင်နီပြည်တခုလုံးကိုထိန်းချုပ်ဖို့ စစ်ရေးအကန့်သတ်တွေရှိနေပေမယ့်လည်း ကရင်နီပြည်သူလူထုနဲ့အတူ အသင်းအဖွဲ့တွေနဲ့ခေါင်းဆောင်တွေညီညွတ်စွာခုခံရပ်တည်နေသရွေ့ KNDFအနေနဲ့လည်း စစ်နည်းဗျူဟာနဲ့နည်းပညာတွေကိုထိရောက်စွာပေါင်းစပ်ကာ စစ်အာဏာရှင်စနစ်ကိုအပြီးတိုင်ချုပ်ငြိမ်းသွားတဲ့အထိ ဆက်လက်တိုက်ပွဲဝင်နိုင်မယ်လို့ ထုတ်ပြန်ပါတယ်။
ကရင်နီပြည်အတွင်း KNDFအပါအဝင်တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မြို့တွေကိုအာဏာသိမ်းစစ်တပ်ကပြန်သိမ်းပိုက်ဖို့ကြိုးစားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅၊ဇူလိုင်လအတွင်းမှာတော့ ရှမ်း-ကယား(ကရင်နီ)နယ်စပ်ရှိ မိုးဗြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ကြောင်း စစ်တပ်ဘက်ကကြေညာခဲ့ပါတယ်။
အဲ့ဒီနောက် မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကိုပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်ဘက်ကကြိုးစားလာပြီး အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးချီတက်လာတာကြောင့် ပြီးခဲ့တဲ့ဇွန်လကနေ အခုအထိ တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေပါတယ်။
လက်ရှိမှာလည်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုးနဲ့ နန်းမယ်ခုံဆက်သွယ်ထားတဲ့ လမ်းတွေကို ဖြတ်သန်းသွားလာမလုပ်ကြဖို့ဆိုပြီး မိုးဗြဲPDFကအရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။
မနေ့က စက်တင်ဘာ ၁ရက်နေ့ ညနေပိုင်းမှာလည်း ကရင်နီပြည်ထဲက မော်ချီးမြို့နယ်၊ကျောက်ကြားရပ်ကွက်ကို စစ်တပ်ဘက်ကလေကြောင်းကနေဗုံးကြဲခဲ့တာကြေင့် ကလေးငယ်တွေအပါအဝင် ၆ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။




Comments