KNDF ပူးပေါင်းတပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီလ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့
- BVJ

- Feb 5, 2025
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၂ ၊ ၂၀၂၅

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းတို့မှာ ဒေသတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဇန်နဝါရီလထဲမှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့ ဖေဖော်ဝါရီ ၂ ရက် မှာ ထုတ်ပြန်လာပါတယ်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်၊ ဘော်လခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်နဲ့ ရှမ်းတောင်နယ်စပ် ဆီဆိုင်မြို့နယ်၊ မိုးဗြဲမြို့နယ်တို့မှာ ဇန်နဝါရီလအတွင် ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ဘော်လခဲမြို့နယ် မိုင်းထမ်းကျေးရွာနဲ့ ဝမ်မလန်းကျေးရွာကြားကို စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KNDF အပါအဝင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးဝန်းကျင် သေဆုံးကာ လက်နက် (၄) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလ ဇန်နဝါရီ ၉ ရက်ကလည်း ရှမ်းတောင်နယ်စပ် ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအနီး စေတီကုန်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲံတို့ ပူးပေါင်းတပ်စွဲထားတဲ့ စခန်းကုန်းကို KNDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက် ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးကာ လက်နက်ကြီးငယ် (၂၈) လက်ကို သိမ်းဆည်းရရှိခဲ့ပါသေးတယ်။
မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ အမှတ် (၄၂၂) ခြေမြန်တပ်ရင်းက စစ်ကောင်စီ စစ်ကြောင်းအချို့ မိုးဗြဲမြို့တွင်း ဝင်ရောက်နိုင်ရေး ကြိုးပမ်းနေချိန် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေ ရှိနေခဲ့သလို စစ်ကောင်စီဘက်က ဒရုန်း၊ လက်နက်ကြီးတွေကို အသုံးပြုပြီး တိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ပါတယ်။ ဇန်နဝါရီလ (၁၉) ရက်ကလည်း မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဇန်နဝါရီလတစ်လတာ တိုက်ပွဲတွေအတွင်း KNDF ပူးပေါင်းတပ်တွေဘက်က ရဲဘော် ၆ ဦး ကျဆုံးခဲ့သလို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကလေးအပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးခဲ့ကာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ ကလေးအပါအဝင် ဒေသခံပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်း ၄ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ကနေ ဘက်ပြောင်းခိုလှုံလာသူ ၁၀၀ ကျော်ရှိနေတယ်လို့ KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီကလည်း ဖက်ဒရယ် FM သတင်းဌာနကို ဖြေကြားထားသလို အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း အလင်းဝင်လာတဲ့ စစ်ကောင်စီ ဒုအရာခံဗိုလ် (၁)ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး လက်နက် (၇) လက်နဲ့အတူ KNDF တရင်းတွေဆီ အလင်းဝင်ရောက်လာပါသေးတယ်။
















Comments