ဒီးမော့ဆိုနဲ့မိုးဗြဲတိုက်ပွဲအတွင်း ဒေသကာကွယ်ရေးရဲဘော်သုံးဦး ကျဆုံး
- BVJ

- May 15
- 1 min read
မိုနာ/BVJ_မေ ၁၅၊ ၂၀၂၆

ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နဲ့မိုးဗြဲကို စစ်အုပ်စုစစ်ကြောင်းထိုး ထိုးစစ်တိုက်ပွဲတွေအတွင်းမှာ ပါဝင်တိုက်ခိုက်နေတဲ့တော်လှန်ရေးရဲဘော်သုံးဦးကျဆုံးမှုရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်အုပ်စုဟာ အခု မေ ၁၃ရက်ကစပြီး ဒီးမော့ဆိုဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီထဲက ဒီမော့ဆို(ဒေါငံခါး)တိုက်ပွဲအတွင်း မနေ့က မေလ (၁၄) ရက်နေ့မှာ ကယန်းအမျိုးသားတပ်မတော်(KNA) အမှတ် (၂၁၁၂)တပ်ရင်းက ရဲဘော် ခွန်းဣဇက်ထူးကျဆုံးခဲ့တယ်လို့ မိခင်တပ်ရင်းက ဒီနေ့ မေ ၁၅ရက်နေ့လယ်မှာ အသိပေးထုတ်ပြန်လာပါတယ်။
"ရဲဘော် ခွန်းဣဇက်ထူးသည် ဖက်ဒရယ်ဒီမိုကရေစီ နှင့် အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူအပါအဝင် ကယန်းအမျိုးသားများအတွက် တော်လှန်တိုက်ပွဲဝင်ရင်း ဒီမော့ဆို(ဒေါငံခါး)တိုက်ပွဲတွင်၂၀၂၆ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် မြင့်မြတ်စွာကျဆုံးခဲ့ပါသည်"လို့ KNAက ဖော်ပြထားပါတယ်။
ရဲဘော် ခွန်းဣဇက်ထူးရဲ့ ဈာပနအခမ်းအနားအား ကယန်းဒေသတနေရာမှာပြုလုပ်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

အလားတူပဲ အယ်လ်ဖာစစ်ဒေသ-ဗိုးဗြဲနယ်က တော်လှန်ရေးရဲဘော်နှစ်ဦးလည်း မိုးဗြဲတိုက်ပွဲအတွင်းကျဆုံးခဲ့ရတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်ကလည်း အထိနာကျဆုံးမှုများခဲ့ကြောင်းနဲ့ပြန်ဆုတ်ခွာသွားတဲ့အခြေအနေတွေရှိနေပေမယ့် နှစ်ဖက်စစ်ရေးတင်းမာနေဆဲပဲလို့လည်းပြောပါတယ်။




Comments