ကျားဖြန့်မြို့တော် KK Parkကိုဝင်စီးပြီး ထိန်းချုပ်လိုက်ပြီလို့ စစ်အုပ်စုကြေညာ
- BVJ

- Oct 20
- 1 min read
ယူဂရင်း/BVJ_အောက်တိုဘာ ၂၀၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့နယ်အတွင်းက လက်ခတ်တောင်ဘုရားကုန်းနဲ့ လေးကေ့ကော်မြို့သစ်ကိုပြန်လည်ထိန်းချုပ်ပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Parkကိုလည်းဝင်ရှင်းလင်းခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ်သတင်းစာတွေမှာ ကြေညာပါတယ်။
လတ်ခတ်တောင်ဘုရားကုန်းကို စက်တင်ဘာ ၉ရက်မှာ၊ လေးကေ့ကော်မြို့သစ်ကို အခုလ ၅ရက်မှာ ပြန်လည်ထိန်းချုပ်ခဲ့ကာ တိုက်ပွဲကြီး ၆ကြိမ်နဲ့ တိုက်ပွဲငယ် ၅၃ကြိမ်ဖြစ်ပွားပြီး အလောင်း ၁၀လောင်းနဲ့ လက်နက်မျိုးစုံ ၁၆လက်ကိုရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
KK Parkကိုဝင်စီးချိန်မှာတော့ Star Link စလောင်း (၃၀)စုံနဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းမိခဲ့ပြီး ဆောက်လုပ်ပြီးအဆောက်အအုံ (၁)ထပ် တိုက် ၁၀ လုံး၊ (၂)ထပ်တိုက် ၁၀၀လုံး၊ (၄)ထပ်တိုက် ၂၀ လုံးနှင့် (၅)ထပ်တိုက် ၂လုံး၊(၁)ထပ်တိုက် ဈေးဆိုင်ခန်း ၂၀လုံး၊ (၂)ထပ်တိုက် ဈေးဆိုင်ခန်း ၃၀လုံး၊ (၁)ထပ်တိုက် ဂိုထောင် ၁၅လုံး၊ (၂)ထပ်တိုက် ဂိုထောင် ၂၀လုံး၊ (၄)ထပ်တိုက်ဂိုထောင် ၁၀လုံး၊ ဆောက်လုပ်ဆဲ (၂)ထပ်တိုက် ၂၁လုံး၊ (၃)ထပ်တိုက် ၁၀လုံး၊ (၄)ထပ်တိုက် ၅လုံး၊ (၅)ထပ်တိုက် ၅လုံးနဲ့ (၁)ထပ်တိုက် ဆေးပေးခန်း ၂ခန်းတို့ကိုတွေ့ခဲ့ရကြောင်းနဲ့ အဲ့ဒီအဆောက်အအုံတွေထဲကနေ အလုပ်သမား အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦးနဲ့ လုံခြုံရေးအဖြစ် အမျိုးသား ၉၈ ဦး၊ စုစုပေါင်း ၂၁၉၈ ဦးတို့ကိုတွေ့ခဲ့ရတယ်လို့လည်း စစ်အုပ်စုကထုတ်ပြန်ပါတယ်။
KK Parkဝန်းအတွင်းက အဆောက်အအုံတွေဆောက်လုပ်မှု၊ မြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး တရားဝင်စာရွက်စာတမ်းမတွေ့တာကြောင့် တာဝန်ရှိသူတွေကိုဆင့်ခေါ်ပေမယ့်မလာခဲ့တာကြောင့် အရေးယူမှုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် KNLAနဲ့PDFတွေထိန်းချုပ်ထားတဲ့ ရှုခင်းသာစခန်းကိုလည်း အခုလ ၁၇ရက်မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပွိုင့်- ၁၀၇၈ စွယ်တော် စခန်းကုန်းကိုလည်း မနေ့က အောက်တိုဘာ ၁၉ရက်မှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်အုပ်စုကအခုဝင်စီးတယ်ဆိုတဲ့ KK Parkဟာ အရှေ့တောင်အာရှမှာ နာမည်ဆိုးနဲ့ကျော်စောသတင်းအထွက်ဆုံး ဆိုက်ဘာငွေလိမ်ခြံကြီးတွေထဲကတစ်ခုအဖြစ်ပါဝင်ပြီး မြန်မာစစ်အုပ်စုကွပ်ကဲမှုအောက်မှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)နဲ့ဆက်နွယ်သလို စစ်အုပ်စုအာဏာသိမ်းကာလအတွင်းမှာ အလုံးအရင်းနဲ့တည်ဆောက်လာခဲ့တာဖြစ်ကြောင်းနဲ့ အဲ့ဒီခြံဝန်းအတွင်းကို စစ်အုပ်စုကလျှပ်စစ်ဓာတ်အားရောင်းချပြီး အကျိုးအမြတ်ရရှိခဲ့ကြောင်း Justice for Myanmar-JFMကထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ-KK Parkကိုဝင်စီးကြောင်း စစ်အုပ်စုဖော်ပြထားသောပုံများ။







Comments