ကြံ့ခိုင်ရေးပါတီကကိုယ်စားလှယ်လောင်းတစ်ဦးထဲရှိတဲ့နေရာတွေမှာ ဝင်ပြိုင်ဖို့လုပ်ခဲ့ပေမယ့် ဖိအားကြောင့်ရုပ်သိမ်းခဲ့ရတယ်လို့ ဦးကိုကိုကြီးထုတ်ပြောလာ
- BVJ

- Oct 27
- 1 min read
မိုနာ/BVJ_ အောက်တိုဘာ ၂၇၊ ၂၀၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ-USDPက ကိုယ်စားလှယ်လောင်းတစ်ဦးထဲသာရှိတဲ့ မဲဆန္ဒနယ်မြေတွေမှာ ပြည်သူ့ပါတီ-PPအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြုလုပ်ခဲ့ပေမယ့် ဖိအားတွေကြောင့်ပြန်လည်ရုပ်သိမ်းခဲ့ရတယ်လို့ ပီပီဥက္ကဌ ဦးကိုကိုကြီးကထုတ်ပြောလာပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UECက အခုအောက်တိုဘာ ၂၄ရက်ကထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းစာရင်းထဲမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်တိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတို့အတွင်းက မဲဆန္ဒနယ် ၂၈ခုမှာ USDPပါတီက ကိုယ်စားလှယ်လောင်းတစ်ဦးဆီသာ စာရင်းရှိနေတာဖြစ်ပါတယ်။
ကြံခိုင်ရေးပါတီလိုပဲအလားတူ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၊ "ဝ" အမျိုးသားပါတီနဲ့ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကလည်း ရှမ်းပြည်နယ်ထဲမှာ မပြိုင်ရဘဲနဲ့တနေရာစီအနိုင်ရထားတာကြောင့် ကိုယ်စားလှယ်လောင်းတစ်ဦးထဲဖြစ်နေတဲ့ မဲဆန္ဒနယ်မြေ စုစုပေါင်း (၃၁)နေရာအထိရှိနေပါတယ်။
အဲ့ဒီ ပြိုင်ဘက်မရှိကိုယ်စားလှယ်လောင်းတစ်ဦးထဲဖြစ်နေတဲ့မဲဆန္ဒနယ်မြေတွေထဲမှာ ပြည်သူ့လွှတ်တော်အတွက် (၁၄)နေရာ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် (၁၃)နေရာ၊ အမျိုးသားလွှတ်တော်အတွက် ရှမ်းပြည်နယ်၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်အတွင်းက (၁)နေရာနဲ့ ရှမ်းပြည်နယ်အတွင်းက ကချင်၊ အာခါ၊ ကယန်း(ခ)ပဒေါင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွေအတွက် (၃)နေရာတို့ပါဝင်ပြီး အဲ့ဒီနေရာတွေထဲက ၂၈နေရာအတွက် ကြံ့ခိုင်ရေးပါတီနဲ့ပြိုင်ဘက်မရှိအနိုင်ရနေတာဖြစ်သလို ကျန်တဲ့ ပြည်သူ့လွှတ်တော် တစ်နေရာနဲ့ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် နှစ်နေရာအတွက် ကျားဖြူပါတီ၊ "ဝ"ပါတီနဲ့ အာခါပါတီတို့က အနိုင်ရနေတာပါ။
"လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိလျှင်ရွေးကောက်ပွဲမကျင်းပတော့ဘဲ မဲဆွယ်စားရိတ်အကုန်ခံ စည်းရုံးယှဉ်ပြိုင်စရာမလိုဘဲ အနိုင်ရကိုယ်စားလှယ်ဖြစ်သွားတဲ့စာရင်းထွက်ရှိလာပါတယ်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးပါဝင်ပါတယ်။ အဲဒီစာရင်းမှာ ပြည်သူ့ပါတီကနေဝင်ရောက်ယှဉ်ပြိုင်ဖို့ ဗဟိုဌာနချုပ်ကိုအမည်စာရင်းပို့ပြီးခါမှ ဖိအားပေးမှုများကြောင့် ပြန်လည်ရုတ်သိမ်းသွားခဲ့တဲ့မြို့နယ်အချို့ ပါဝင်ပါတယ်။အဲဒီမြို့နယ်တွေက မဲဆန္ဒရှင်တွေအနေနဲ့ သူတို့ရဲ့ ရွေးချယ်ခွင့် ဆုံးရှုံးခဲ့ရတဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်"လို့ ဦးကိုကိုကြီးက သူ့ရဲ့လူမှုကွန်ရက်မှာ ဒီနေ့မနက်မှာဖော်ထုတ်ရေးသားလာပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲဟာမဖြစ်မနေကျင်းပမှာဖြစ်တာကြောင့် မဲပေးကြဖို့ကိုလည်းဦးကိုကိုကြီးက တိုက်တွန်းထားပါသေးတယ်။
ဖိအားကြောင့် ပြန်လည်ရုတ်သိမ်းရတယ်လို့ဦးကိုကိုကြီးကရေးသားထားတာကြောင့် ဘယ်လိုဖိအားမျိုးဆိုတာသိရှိရဖို့အတွက် Burma VJက ဦးကိုကိုကြီးကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
မဲဆန္ဒနယ်တခုမှာ ကိုယ်စားလှယ်လောင်းတစ်ဦးတည်းသာရှိရင် ရွေးကောက်ပွဲကျင်းပစရာမလိုဘဲ အဲ့ဒီကိုယ်စားလှယ်လောင်းကိုသာ အနိုင်ရကိုယ်စားလှယ်အဖြစ်ကြေညာပေးရမယ်လို့ ရွေးကောက်ပွဲဥပဒေမှာပြဌာန်းထားပါတယ်။

ဒီဇင်ဘာ ၂၈ရက်မှာကျင်းပမယ့်စစ်အုပ်စုရွေးကောက်ပွဲအတွက် ဦးကိုကိုကြီးပါတီဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ယှဉ်ပြိုင်မယ့်ပါတီ ၆ပါတီထဲမှာပါဝင်ပြီး ကိုယ်စားလှယ်လောင်းငါးရာကျော်စာရင်းပေးထားတာကိုတွေ့ရပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ မနက်ဖြန် အောက်တိုဘာ ၂၈ရက် မနက်ခြောက်နာရီကနေစပြီး မဲဆွယ်စည်းရုံးခွင့်ရတော့မှာဖြစ်ပါတယ်။
စစ်အုပ်စုပြုလုပ်မယ့်ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်တာကြောင့် ရွေးကောက်ပွဲမှာမပူးပေါင်း၊မပါဝင်ဖို့နဲ့ မိမိတို့ဒေသတွင်းမှာရွေးကောက်ပွဲပြုလုပ်ခွင့်မရှိစေဘူးဆိုတဲ့ထုတ်ပြန်ချက်တွေကို AA၊KNUအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားကြပါတယ်။







Comments