KIOနဲ့ PSLF ညှိနှိုင်းမှုစတင်ပြီလို့ ဗိုလ်ချုပ်ဂွမ်မော်ပြော
- BVJ
- Apr 18
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၉ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အပါအဝင် ဒေသအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) နဲ့ တအာင်းတပ်မတော် (PSLF/TNLA) တို့ကြား နှစ်ဖက်အဖွဲ့ တာဝန်ရှိသူတွေ ရှေ့ပြေးညှိနှိုင်းရေးကိစ္စရပ်တွေဆောင်ရွက်နေပြီလို့ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒီနေ့ ဧပြီ ၉ ရက်မှာ ထုတ်ပြောပါတယ်။
နှစ်ဖက်ရှေ့ပြေးညှိနှိုင်းမှုနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့ ဧပြီ ၉ ရက်စွဲနဲ့ “KIO နှင့် PSLF နှစ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းမှုများ စတင်နေပါပြီ။ သက်ဆိုင်ရာဒေသတွင်းရှိ မိဘပြည်သူများ နားလည်ကူညီပေးကြပါရန်နှင့် Online သုံးစွဲသူများ၊ မီဒီယာများ၊ အကြံပေးထောက်ပြလိုသူများထံမှလည်း အပြုသဘောဆောင်သော ကူညီပံ့ပိုးမှုများကို မျှော်လင့်ပါသည်” လို့ ရေးသားထားတာလည်း ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အပါအဝင် မန်တုံ၊ နမ့်ခမ်း၊ မုံးဝီး၊ နမ့်ဖတ်ကာ၊ မန်တုံ၊ မုံးကိုးစတဲ့ ဒေသတွေမှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အခြေစိုက်ရုံးနေရာတွေမှာရှိတဲ့သူတွေကို ထွက်သွားဖို့ TNLA တပ်ဖွဲ့ဝင်တွေကို ပြောဆိုမှုတွေရှိနေပြီး နှစ်ဖက်နယ်မြေအငြင်းပွားမှုတွေဟာ ဒီနှစ် နှစ်ဆန်းပိုင်းကတည်းက ဖြစ်ပွားနေခဲ့တာပါ။
၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း KIA နဲ့ TNLA တို့ နှစ်ဖက်အငြင်းပွားမှုဖြစ်နေချိန် နမ့်ခမ်းမြို့နယ် မုံးဝီးဒေသတနေရာမှာ လက်နက်မပါဘဲ နှစ်ဖက်တစ်ဦးချင်းစီ ထိုးကြိတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်အပြီး တစ်လကျော်အကြာမှာ မတ်လ ၇ ရက်နေ့ကစပြီး KIO အခြေစိုက်ရုံးနေရာတွေက တပ်ဖွဲ့ဝင်တွေကို အတင်းအကြပ်ဖယ်ရှားမှုတွေရှိလာတာကြောင့် နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှုတွေ ပိုမိုဖြစ်လာပါတယ်။
ကွတ်ခိုင်မြို့နယ်က KIA ဆက်ဆံရေးရုံးနဲ့ ဒေသကာကွယ်ရေးရုံးတွေကို TNLA က စီးနင်းဖယ်ရှားပြီးနောက်ပိုင်း ဒေသအချို့က ညှိနှိုင်းဖို့တောင်းဆိုချိန် ဗိုလ်ချုပ်ဂွမ်မော်က “ရှမ်းမြောက်လူထုနဲ့ ဒီကြားထဲ စည်းဝေးလုပ်မယ်၊ လူထုရဲ့သဘောထားရယူပြီးရင်တော့ ဆုံးဖြတ်ချက်ချနိုင်မယ်ထင်တယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
KIA နဲ့ TNLA တို့ကြား မြေပြင်အငြင်းပွားမှုနဲ့ပတ်သက်ပြီး မိတ်ဖက်ပဋိပက္ခဖြစ်မှု ငြိမ်းချမ်းစွာ ဖြေရှင်းဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကူညီဖို့အဆင်သင့်ရှိတယ်လို့လည်း မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်မှာ KIA တပ်မဟာ လေးခုရှိနေပြီး ကွတ်ခိုင်မြို့နယ်နဲ့ တာမိုးညဲမှာ တပ်မဟာ ၄ နဲ့ တပ်မဟာ ၁၀ ရှိနေကာ မူဆယ်မြို့နယ်မှာ တပ်မဟာ ၆ ၊ မံဝိန်းကြီးမှာ တပ်မဟာ ၁၁ တို့ရှိနေတာလည်းဖြစ်ပါတယ်။ အဲ့ဒီတပ်မဟာလေးခုထဲက တပ်မဟာ ၄၊ ၆၊ ၁၀ တို့ဟာ TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ထိစပ်နေပြီး နှစ်ဖက်နယ်မြေအငြင်းပွားမှု မကြာခဏ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမအကျော့နဲ့ ဒုတိယအကျော့ကာလအတွင်းမှာ ကွတ်ခိုင်၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါနဲ့ မိုးကုတ်မြို့တို့ TNLA က သိမ်းယူထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေကို ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။
နှစ်ဖက် ရှေ့ပြေးညှိနှိုင်းဆွေးနွေးမှုနဲ့ပတ်သက်ပြီး TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
Comments