ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်နေဖို့ သားဖြစ်သူ ဆုတောင်း
- BVJ

- Mar 27
- 1 min read
မိုနာ/BVJ_မတ် ၂၇၊ ၂၀၂၆

စစ်အုပ်စုကဖမ်းဆီးထားတဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်အသက်ရှင်နေပါစေလို့ သားငယ် ကင်အဲရစ်(ခ)ကိုထိန်လင်းက ဒီနေ့ မတ်လ ၂၇ရက်မှာပြောလာပါတယ်။
“၂၇ နှစ်မတိုင်ခင်က ကျွန်တော့်ဖေဖေဟာ မေမေ့ကိုနောက်ဆုံးတခါတောင်မတွေ့နိုင်ဘဲ ကွယ်လွန်သွားခဲ့တယ်။
ဖေဖေသေဆုံးလုအခြေအနေမှာ ကျွန်တော်မေမေ့ကို ပြန်လာဖို့တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ မေမေ မလာနိုင်ခဲ့ပါဘူး။
အဲ့ဒီအချိန်မှာတည်းက မေမေ့ကို စစ်တပ်ကထိန်းချုပ်ဖမ်းဆီးထားခဲ့ပြီးသားပါ။
ဒီနေ့ထိလည်း ဘာမှမပြောင်းလဲတဲ့အပြင်ပိုဆိုးလာပါတယ်။
မေမေဟာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်”လို့ ကိုထိန်လင်းကပြောပါတယ်။
တဆက်ထဲမှာပဲ “နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာလည်း ယနေ့ထိသံတိုင်တွေနောက်မှာပဲ ရှိနေဆဲပါ။ စစ်တပ်ဟာ လူတွေရဲ့အရေးပါဆုံး တန်ဖိုးအရှိဆုံးတွေကို ဓားပြတိုက် လုယူနေတာ ၂၇နှစ်မကရှိပါပြီ။ နောက်ထပ်မိသားစုဘယ်လောက်များများ ဒါတွေကို တွေ့ကြုံခံစားနေကြရအုံးမှာလဲ။
ဒါကိုအဆုံးသတ်ရမယ်။ မေမေလွတ်မြောက်ရေး၊ အားလုံးလွတ်မြောက်ရေး။
မေမေအသက်ရှင်နေပါစေ”လို့လည်း ပြောပါတယ်။

စစ်အုပ်စုဟာ အာဏာစသိမ်းတဲ့ရက် ၂၀၂၁၊ဖေဖော်ဝါရီ ၁ရက်ညထဲက ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ထားတာဖြစ်ပြီး မိသားစုနဲ့အဆက်အသွယ်လုပ်ခွင့်မပေးသလို ထိန်းသိမ်းထားတဲ့နေရာကိုလည်း လျို့ဝှက်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းမှာတော့ သားငယ်ကင်အဲရစ်က အသက် ၈၀ အရွယ်သူ့မိခင် ကွယ်လွန်သွားတာမျိုးဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်အုပ်စုက ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။




Comments