ဒေါ်အောင်ဆန်းစုကြည်နဲ့တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ သားဖြစ်သူ တောင်းဆို
- BVJ

- Sep 10
- 1 min read
“မေမေ့ကို မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ထောင်ထဲမှာ သေဆုံးသွားမှာမဖြစ်စေချင်ဘူး”
မိုနာ/BVJ_ စက်တင်ဘာ ၁၀၊ ၂၀၂၅

ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဘူးဆိုတာ မမှန်ကန်တဲ့သတင်းဖြစ်တယ်လို့ စစ်တပ်ကပြောတာကိုလက်ခံယုံကြည်လို့မရတာကြောင့် အတည်ပြုဖို့အတွက် အမေဖြစ်သူနဲ့တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ သားငယ်ဖြစ်သူ ကင်အဲရစ်(ခ)ကိုထိန်လင်းက ဒီနေ့ မနက်ပိုင်းမှာတောင်းဆိုလိုက်ပါတယ်။
“စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “မေမေ နေမကောင်းဘူး"ဆိုတာ မမှန်ကန်တဲ့သတင်းလို့ ဆိုတယ်။
ဒါဆိုရင် မေမေ့ ကျန်းမာရေးအခြေအနေ အတိအကျကို အတည်ပြုဖို့ မေမေနဲ့ တိုက်ရိုက် ဆက်သွယ်ခွင့်ကို ကျွန်တော် တောင်းဆိုပါတယ်။
ဒီလိုဆက်သွယ်ခွင့်မရှိရင် သူတို့ပြောဆိုချက်ကို လက်ခံယုံကြည်လို့ မရပါဘူး။ မေမေ့ကို အထီးကျန်ထားပြီး မိသားစုဝင်တွေ၊ တရားဥပဒေရေးရာဘက်ကသူတွေ၊ ပြင်ပက ဆရာဝန်တွေနဲ့ တွေ့ခွင့်ကို တင်းကျပ်ထားပြီး၊ ငြင်းဆိုနေတာဟာ လုံးဝမလက်ခံနိုင်ပါ”လို့ ကိုထိန်လင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းတဲ့သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာပါ။
စစ်တပ်ရဲ့ဖမ်းဆီးချုပ်နှောင်မှုကို လေးနှစ်ကျော်ကြာခံထားရတဲ့ အသက် ၈၀အရွယ်အမေဖြစ်သူဟာ အခြေခံလူ့အခွင့်အရေးတွေကိုပိတ်ဆို့ခံနေရကြောင်းနဲ့ အခုလိုအခြေခံအခွင့်အရေးတွေကို ပိတ်ပင်ထားတာဟာ ရက်စက်မှုကြီးဖြစ်တယ်လို့လည်း ကိုထိန်လင်းကပြောထားပါတယ်။
“ကျွန်တော်ရဲ့ ဖိုးဖိုးက လွတ်လပ်ရေးရဖို့အတွက် သူရဲ့အသက်ကို စွန့်ခဲ့တယ်။ တိုင်းပြည်အတွက် ငြိမ်းချမ်းမှု၊ တိုးတက်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီရဖို့ကြိုးစားနေတဲ့ မေမေ့ကို မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ထောင်ထဲမှာ သေဆုံးသွားမှာမဖြစ်စေချင်ဘူး”လို့ ကိုထိန်လင်းကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ နှလုံးရောဂါအခြေအနေပိုဆိုးလာပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း လုံလောက်စွာမရရှိကြောင်း သားဖြစ်သူကိုထိန်လင်းက စက်တင်ဘာ ၄ရက်မှာ ပြောထားတာပါ။
အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ပေးဖို့နဲ့ ဒီကိစ္စကို နိုင်ငံတကာအသိုင်းအဝန်းက ဝင်ရောက်ပါဝင်ကူညီပေးဖို့ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUGတို့က ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။







Comments