top of page

ဒေါ်အောင်ဆန်းစုကြည်သားငယ် ကိုထိန်လင်းနဲ့ AA တပ်ဖွဲ့ကြားကဆက်ဆံရေး ဘယ်လိုသဘောဆောင်နေလဲ

  • Writer: BVJ
    BVJ
  • Sep 8
  • 1 min read

အေတီ/BVJ_ စက်တင်ဘာ ၆၊ ၂၀၂၅

ree

အာရက္ခတပ်တော် AAခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မကြာခင်က အွန်လိုင်းမှာတွေ့ဆုံခဲ့ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်အဲရစ်(ခ)ကိုထိန်လင်းက သူ့ရဲ့ဖေ့စ်ဘုခ်လူမှုကွန်ယက်စာမျက်နှာကတဆင့် ဒီနေ့မှာထုတ်ပြန်ပါတယ်။


သူတို့နှစ်ဦးတွေ့ဆုံချိန်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားပြီး ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးအတွက်လည်း စိုးရိမ်ကြောင်းပြောခဲ့တယ်လို့ ကိုထိန်လင်းကပြောပါတယ်။


ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားတွေကိုမလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်ဘူးလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောတဲ့အကြောင်း ထပ်ဖြည့်ပြောတယ်လို့ သိရပါတယ်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သားငယ် ကိုထိန်လင်းနဲ့ အာရက္ခတပ်တော် AA အကြား ကောင်းမွန်တဲ့ဆက်ဆံရေးတခု တည်ဆောက်ဖို့ကြိုးစားနေကြတဲ့သဘောရှိပါတယ်။


ကိုထိန်လင်းဦးဆောင်ပြုလုပ်တဲ့ ‘freedom Tattoo Campaign’ကနေ AAတပ်ဖွဲ့ကို မြန်မာငွေကျပ်သိန်းနှစ်ရာ့ငါးဆယ် ၂၀၂၄ခုနှစ်က လှူဒါန်းဖူးပါတယ်။


AAတပ်ဖွဲ့နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်တို့ ဆက်ဆံရေးတည်ဆောက်နေကြတာဟာ နွေဦးတော်လှန်ရေးနဲ့ မြန်မာ့နိုင်ငံရေးအတွက်ကောင်းတဲ့အချက်ပဲလို့ လန်ဒန်မှာနေထိုင်နေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက BVJ ကိုပြောပါတယ်။


“AAနဲ့ ကင်အဲရစ်ကြားကဆက်ဆံရေးက ပိုလေးနက်လာတဲ့သင်္ကေတကိုပြလာပြီလို့ထင်တယ်။ အေအေ အနေနဲ့လည်း တရုတ် supporting အောက်ကနေ ခွဲခွာလာရတဲ့အချိန်မှာ ဒီတွေ့ဆုံမှုဖြစ်လာတာ ကောင်းတယ်လို့ပြောရမယ်။ ဒေါ်စုကိုမလွှတ်ရင် ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူးလို့ပြောတာက နိုင်ငံရေးအရထူးခြားတဲ့အဖြစ်လို့ မြင်ပါတယ် “လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို အနောက်အုပ်စုရဲ့ ကိုယ်စားလှယ်လို့ တရုတ်ကမြင်ထားတာရှိသလို NUGနဲ့မပူးပေါင်းဖို့ တိုင်းရင်းသားတပ်ဖွဲ့တွေကို တရုတ်ကတောက်လျှောက်သတိပေးတာတွေ လုပ်နေတဲ့အချိန်မှာ AAရဲ့အခုထိတွေ့ဆက်ဆံမှုက စဥ်းစားစရာတခုဖြစ်လာပါတယ်။


တကယ်တော့ ကိုထိန်လင်းရဲ့မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ AA တပ်ဖွဲ့တို့ကြားဆက်ဆံရေးက အကောင်းကြီးတော့မဟုတ်ခဲ့ပါဘူး။အဖုအထစ်တွေရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရဖြစ်တဲ့ NLDအစိုးရလက်ထက် ၂၀၂၀,မတ်လ ၂၃ ရက်နေ့မှာ AAကို ပြည်ထောင်စုအစိုးရအဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။


NLDအစိုးရလက်ထက်မှာ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာပေးဖို့ သူတို့ကိုယ်တိုင်ဖိအားပေးတောင်းဆိုခဲ့တဲ့စစ်တပ်ဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ အေအေကို အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ထားတာကနေ ပြန်လည်ရုတ်သိမ်းပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။


၂၀ဝ၉ခုနှစ် ဧပြီလမှာ မြန်မာပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်က ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)ထိန်းချုပ်နယ်မြေ လိုင်ဇာမှာစတင်ဖွဲ့စည်းခဲ့တဲ့ AAတပ်ဖွဲ့ဟာ အခုချိန်မှာ ရခိုင်ပြည်နယ် မြို့ ၁၇ မြို့ထဲက ၁၄ မြို့ကိုသိမ်းပိုက်ထားနိုင်ပြီး အာဏာသိမ်းစစ်အုပ်စုကို အခြိမ်းခြောက်နိုင်ဆုံး အင်အားအကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်နေပါပြီ။


အာရက္ခတပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားထားတဲ့ "သူပုန်ဖြူကဗျာများ စုစည်းမှု" စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ လက်မှတ်ရေးထိုးပြီး Kim Aris (ခ) ကိုထိန်လင်းဆီ လက်ဆောင်ပေးထားတာလည်းရှိပါတယ်။ ကိုထိန်လင်းကလည်း ‌မကြာခင်ရက်ပိုင်းကမှ ဒေါက်တာညိုထွန်းအောင်ဆီ လက်ဆောင်တစ်ခုပို့ထားတယ်လို့ သိရပါတယ်။


အာရက္ခတပ်တော် (AA) ဒုစစ်ဦးစီးချုပ်က ကင်အဲရစ်ကို ကဗျာစာအုပ်လက်ဆောင်ပေးတဲ့အကြောင်း ရုပ်သံကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page