စစ်သင်္ဘောတွေတိုက်ခိုက်ခံရမှုအတွင်း ရေကူးထွက်ပြေးသွားတဲ့စစ်သားတွေရှိနေ

ယူဂရင်း/BVJ_စက်တင်ဘာ ၁၁၊ ၂၀၂၆
တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ရွှေကူမြို့နယ်မှာ စစ်တပ်ဘက်ကအသုံးပြုနေတဲ့ ဧရာဝတီမြစ်ကြောင်းထဲကစစ်င်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ နေ့တိုင်းနီးပါးထိမှန်အောင်ပစ်ချနိုင်နေတာကြောင့် အာဏာသိမ်းစစ်အုပ်စုဘက်ကအထိနာနေပါတယ်။
အခုလ စက်တင်ဘာ ၈ရက်နဲ့ ၉ရက်နေ့တို့မှာ KIAနဲ့ပူးပေါင်းတပ်ဖွဲ့တွေ နှစ်ကြိမ်တိုင်ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုဘက်က သင်္ဘောငါးစင်းထိခိုက်ပျက်စီးသွားပြီး စက်တင်ဘာ ၂ရက်နေ့မှာ KIAနဲ့ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာကနေ စစ်သင်္ဘောတွေထိမှန်ပျက်ဆီးသွားပြီး လက်နက်ချအညံ့ခံခဲ့တဲ့စစ်အုပ်စုအဖွဲ့ဝင်တွေလည်း ရှိခဲ့တယ်လို့ KIAဘက်ကအတည်ပြုပြောထားပါတယ်။
ရွှေကူမြို့နယ်၊ဇင်ဘုံရွာ စင်ခန်းတံတားအနီး လက်နက်ချအညံ့ခံခဲ့တဲ့ စစ်သုံ့ပန်း (၁၅၁) ဦးထဲမှာ ဗိုလ်ကြီး (၂) ဦး၊ အရာခံဗိုလ် (၅) ဦး၊ တပ်ကြပ်ကြီး (၁၄) ဦး၊ တပ်ကြပ် (၁၂) ဦး၊ ဒုတပ်ကြပ် (၁၆) ဦး၊ တပ်သား (၃၅) ဦးနဲ့ စစ်မှုထမ်းစုဆောင်းခံရသူ လူငယ် (၃၄) ဦးတို့လည်းပါဝင်ပြီး လေးလသားကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် တပ်မိသားစုဝင်တွေလည်းပါဝင်လာတယ်လို့ KIAထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။
ဒါ့အပြင် စစ်သင်္ဘောတွေတိုက်ခိုက်မှုအတွင်းမှာ ရေနစ်သေဆုံးခဲ့ရတဲ့စစ်အုပ်စုတပ်ဖွဲ့တွေလည်းရှိသလို မြစ်ကမ်းဘေးကိုရေကူးပြီးထွက်ပြေးလွတ်မြောက်သွားသူတွေလည်းရှိခဲ့တယ်လို့ KIAက မနေ့က စက်တင်ဘာ ၁၀ရက်မှာပြောထားပါတယ်။
စစ်အုပ်စုဘက်က အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) ၊ အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၈၈)နဲ့ ဗန်းမော်မြို့အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) လက်အောက်ခံတပ်တွေက ရေကြောင်း၊လေကြောင်း၊ ဒရုန်းနဲ့လက်နက်ကြီးပစ်ကူတွေနဲ့ရွှေကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတာကြောင့် နေ့တိုင်းတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
-စစ်သင်္ဘောတွေတိုက်ခိုက်ခံရပြီးနောက် KIAစစ်ရေးဘက်ကထွက်ပေါ်လာတဲ့ ရုပ်သံနဲ့Laiza TV




Comments