top of page

ဗန်းမော်ကို စစ်ကူလာပို့တဲ့ စစ်ကောင်စီရဟတ်ယာဉ် ၂ စင်းကို KIAပူးပေါင်းတပ် ပစ်ချနိုင်ခဲ့

  • Writer: BVJ
    BVJ
  • May 20
  • 1 min read

BVJ/အိုင်းရစ် _ မေ ၂၀ ၊ ၂၀၂၅


ဓာတ်ပုံ - စစ်ကောင်စီ Mi 17 ရဟတ်ယာဉ် (ပုံဟောင်း)
ဓာတ်ပုံ - စစ်ကောင်စီ Mi 17 ရဟတ်ယာဉ် (ပုံဟောင်း)

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိုးစစ်ဆင်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို စစ်ကူအင်အား လာဖြည့်တဲ့ စစ်ကောင်စီရဟတ်ယာဉ် ၃ စင်းထဲက ၂ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Burma VJ ကို အတည်ပြုပါတယ်။


ဒီနေ့ မေ ၂၀ ရက် နေ့လည် တစ်နာရီဝန်းကျင် ဗန်းမော်မြို့ စစ်ကောင်စီ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို စစ်ကူအင်အားလာပို့တဲ့ စစ်ကောင်စီရဟတ်ယာဉ် ၃ စင်းကို KIA ပူးပေါင်းတပ်တွေက ပစ်ခတ်ချိန် ရဟတ်ယာဉ် ၂ စင်းကို ထိမှန်ခဲ့တာပါ။


“ဒီနေ့ နေ့လယ် ၁ နာရီအချိန်လောက်မှာ ဗန်းမော်စကစဌာနချုပ်နားမှာ ရဟတ်ယာဉ် ၃ စင်း ဆင်းသက်သွားတယ်။ အဲဒီဆင်းသက်တဲ့အထဲက ကျွန်တော်တို့ဘက်က ဝိုင်းပစ်လို့ ၂ စီးထိသွားတယ်။ ၂ စီးထိတဲ့အထဲက ၁ စီးကတော့ ရွှေကူမှာ ဆင်းသက်သွားတယ်။ နောက်တစ်စီးကတော့ ရွှေကူရောက်ဖို့ ၁၅ မိုင်ဝန်းကျင်လောက်နေရာ တောထဲမှာကျသွားတယ်” လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။


စစ်ကောင်စီ ထောက်ပို့ရဟတ်ယာဉ် ၃ စင်းထဲက ၁ စင်းကတော့ မြစ်ကြီးနား နမ့်ဗွန်လေဆိပ်ကို ပြန်လည်ဆင်းသက်နိုင်ခဲ့တယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။ ရဟတ်ယာဉ်တွေက ထောက်ပို့ရဟတ်ယာဉ်တွေသာဖြစ်တယ်လို့လည်း သိရပါတယ်။


KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီကာကင်းစခန်းတွေနဲ့ မြို့နေရာအများအပြားကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ စကခ ၂၁ ဌာနချုပ်နဲ့ အမှတ် ၄၇ ခြေလျင်တပ်ရင်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့လည်း သိရပါတယ်။


စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ချိန် KIA တပ်ဖွဲ့က စစ်ကောင်စီတိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျက်ဖိုက်တာလေယာဉ်တွေကို ပစ်ချနိုင်ခဲ့တာမျိုးတွေရှိခဲ့ပြီး အခု KIA တပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ ရွှေကူမြို့အနီးမှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်တစ်စင်းအပါအဝင် စစ်ကောင်စီ ရဟတ်ယာဉ် ၃ စင်းနဲ့ ဂျက်ဖိုက်တာတစ်စင်းတို့ကိုလည်း ပစ်ချနိုင်ခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page