top of page

ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို KHRWဖော်ထုတ်

  • Writer: BVJ
    BVJ
  • 5 days ago
  • 1 min read

ကချင်လူဦးရေနှစ်သိန်းခွဲနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရ

မိုနာ/BVJ_ဇူလိုင် ၁၃၊ ၂၀၂၆

ကချင်ပြည်နယ်အတွင်းကစစ်ဘေးရှောင်တွေကို ၂၀၂၅ခုနှစ်ကမြင်တွေ့ရပုံ။ 
ကချင်ပြည်နယ်အတွင်းကစစ်ဘေးရှောင်တွေကို ၂၀၂၅ခုနှစ်ကမြင်တွေ့ရပုံ။ 

ကချင်ပြည်နယ်အတွင်းက လူဦးရေနှစ်သိန်းခွဲနီးပါးဟာ နေအိမ်တွေကိုစွန့်ခွာပြီးထွက်ပြေးနေရတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့-KHRWရဲ့ ဒီနေ့ ဇူလိုင် ၁၃ရက်မှာထုတ်ပြန်တဲ့ "လူသားမဆန်သော ရက်စက်သည့်လုပ်ရပ်များ" အစီရင်ခံစာမှာဖော်ပြပါတယ်။


ဒီအရေအတွက်ဟာ ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို့ရဲ့ လူဦးရေတမြို့လုံးထက်တောင်ပိုများနေတယ်လို့လည်း KHRWရဲ့အစီရင်ခံကဆိုထားပါတယ်။


ဒီအစီရင်ခံစာဟာ မကြာခင်ကဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်ကလူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ထုတ်ထားတာဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းက နိုင်ငံတကာဥပဒေတွေနဲ့ထိန်းသိမ်းကာကွယ်ဖို့ပျက်ကွက်နေတာကြောင့် အာဏာသိမ်းစစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုမီးမောင်းထိုးပြထားတာဖြစ်တယ်လို့ ဆိုထားပါတယ်။


"ကချင်မှာက ၂၀၁၁ ကတည်းကတိုက်ပွဲ​တွေ​ကြောင့်စစ်​ပြေးခဲ့ရတယ်။ သို့​သော် ၂၀၂၁ ​နောက်ပိုင်း ကချင်ပြည်နယ်​နေရာအနှံ့ထိုးစစ်ဆင်မှုက အရပ်သား​တွေကိုပါဦးတည်လာခြင်း​ကြောင့် ​နေရပ်စွန့်ခွာပြီးစစ်ပြေးခဲ့ရတယ်။ စစ်​ပြေးပြည်သူ ၃ဆနီးပါးထပ်မံတိုးမြှင့်ခဲ့ရတယ်။ ​​​သောင်းချီတဲ့စစ်​ပြေးအချို့ဆိုရင် ၂​ကြော့၊ ၃​ကြော့​ပြေး​နေရသလို၊ အချို့က လူသားချင်းစာနာထောက်ထားမှုအကူအညီမရလို့ မငြိမ်း​ချမ်းသေးတဲ့​နေရပ်မှာ အသက်နဲ့ရင်းပြီး ပြန်​နေ​နေကြရပြီ"လို့ KHRWရဲ့ ပြောရေးဆိုခွင့်ရှိသူ မဆိုင်းမိုင်က Burma VJကိုပြောပါတယ်။

ဒါ့အပြင် စစ်​ရှောင်စခန်းတွေမှာလူဦးရေမဆန့်လို့ အချို့စစ်ဘေးရှောင်တွေဟာ ရွာပြင်မှာတဲထိုး​နေကြရသလို ​ဘုန်းကြီး​​ကျောင်း၊ ဘုရား​ကျောင်းနဲ့ဆွေမျိုးသားချင်း​တွေရဲ့ ခြံ​တွေမှာနေနေကြရတယ်လို့လည်း မဆိုင်းမိုင်ကပြောပါတယ်။


ကချင်ပြည်နယ်အတွင်း စစ်တပ်ကကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ လေကြောင်းနဲ့ဒရုန်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ၂၀၂၅ခုနှစ်အတွင်းမှာပဲ ကလေး (၇)ဦးအပါအဝင် လူပေါင်း (၁၃၀)ကျော်သေဆုံးခဲ့ရတာပါဝင်သလို စစ်တပ်ဟာ လူသားစာနာထောက်ထားမှုအကူအညီတွေကို စစ်လက်နက်သဖွယ်အသုံးချပြီး အကူအညီပေးပို့မှုတွေကိုပိတ်ပင်တားဆီးခဲ့ရမှုတွေလည်း ပါဝင်ပါတယ်။

၂၀၂၅၊ဒီဇင်ဘာလ ၁၅ရက်က ဝိုင်းမော်မြို့နယ်၊နောင်စီပေါဒေသကို စစ်တပ်လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်နဲ့ဘုရားကျောင်းတွေထိမှန်ပျက်ဆီးခဲ့ပုံ။
၂၀၂၅၊ဒီဇင်ဘာလ ၁၅ရက်က ဝိုင်းမော်မြို့နယ်၊နောင်စီပေါဒေသကို စစ်တပ်လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်နဲ့ဘုရားကျောင်းတွေထိမှန်ပျက်ဆီးခဲ့ပုံ။

အာဏာသိမ်းစစ်အုပ်စုဟာ အင်တာနက်နဲ့မိုဘိုင်းဖုန်းဆက်သွယ်ရေးတွေကိုဖြတ်တောက်ထားပြီး သတင်းအချက်အလက်တွေကို နိုင်ငံတကာအသိုက်အဝန်းဆီအချိန်မီမရောက်အောင်ဆောင်ရွက်ကာ လူသားစာနာအကူအညီတွေနှောင့်နှေးအောင်လုပ်ထားကြောင်းနဲ့ ငလျင်အပြီး ယာယီအပစ်ရပ်စဲကာလမှာတောင် စစ်တပ်က တိုက်ခိုက်မှုတွေ အကြိမ် (၅၅၀)လုပ်ခဲ့ပြီး ၂၀၂၅အတုအယောင်ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ တိုက်ခိုက်မှုတွေပိုလုပ်ခဲ့တာဖြစ်တယ်လို့ KHRWအစီရင်ခံစာမှာဖော်ပြပါတယ်။


စစ်တပ်ဘက်ကအခုလိုလူ့အခွင့်အရေးချိုးဖောက်နေမှုတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်တဲ့အရေးယူဆောင်ရွက်မှုမရှိလို့ဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုရပ်တန့်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှုပိတ်ပင်ရေးကို ချက်ခြင်းချမှတ်ရမှာဖြစ်သလို လေယာဉ်ဆီတင်ပို့မှုကိုလည်း အရေးယူပိတ်ဆို့မှုတွေချမှတ်ရမယ်လို့ KHRWအစီရင်ခံစာက တိုက်တွန်းထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page