top of page

ခင်ဦးမြို့နယ်တွင်း တပ်ချိန်းဖို့လာတဲ့စစ်အုပ်စုစစ်ကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူများပြား

  • Writer: BVJ
    BVJ
  • Sep 23
  • 1 min read

လက်နက်ခဲယမ်းတွေရခဲ့ပြီး သုံ့ပန်းနှစ်ဦးဖမ်းမိ

BVJ/ဇော်-စက်တင်ဘာ ၂၃၊ ၂၀၂၅

ree

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိစစ်ကောင်စီတပ်စခန်းကို တိတ်တဆိတ်ဝင်လာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြန်အထွက်မှာတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့လို့ ဒုတိယဗိုလ်မှူးကြီးနဲ့ ဗိုလ်ကြီးအပါအဝင် တပ်ကြပ်တွေနဲ့ စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခင်ဦးမြို့နယ်က မနေ့ စက်တင်ဘာ ၂၂ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

 

ခင်ဦးမြို့နယ်စစ်ကောင်စီတပ်စခန်းမှာ တာဝန်ကျနေတဲ့စစ်ကောင်စီတပ်ကို တပ်အချိန်းအပြောင်းလုပ်ဖို့လာခေါ်တဲ့ အင်အား (၉၀)ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အခုလ စက်တင်ဘာ ၂၁ ရက်နေ့ညမှာ ခင်ဦးမြို့နယ်စစ်ကောင်စီတပ်စခန်းကနေ ရွှေဘိုလေ့ကျင့်‌ရေးနဲ့ ဘုတ်ကုန်း (ပျူ)ရွာကိုတိတ်တဆိတ်ထွက်ခွာလာတာဖြစ်ပြီး အဲ့ဒီစစ်ကြောင်းကို ခင်ဦး-ရွှေဘို နယ်စပ်တနေရာမှာ တော်လှန်ရေးအင်အားစုတွေကတိုက်ခိုက်ခဲ့တာပါ။

 

စက်တင်ဘာ ၂၂ ရက်နေ့ မနက်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်ကသေဆုံးသူများခဲ့သလို လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်း(၂)ဦးလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

ထိတွေ့တိုက်ပွဲကို မနက် ၇နာရီခန့်ကနေစတင်ခဲ့တဲ့တိုက်ပွဲဟာ နေ့လယ် ၁၂နာရီခန့်အထိဖြစ်တာကြောင့် တိုက်ပွဲချိန်ငါးနာရီကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးတစ်ဦးနဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်ကြပ်တွေ၊ စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့တယ်လို့ ခင်ဦးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

 

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဒါက ဒုတိယအကြိမ်တိုက်ပွဲလို့ ပြောရမှာပေါ့နော်။ ဒီဒုတိယအကြိမ်တိုက်ပွဲကလည်း အပြင်းအထန်ပါပဲ။ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်ကသေဆုံးမှုတွေကတော့ ရှိပါတယ်။ သေဆုံးမှုဘာလို့ရှိလဲဆိုတော့ သူတို့သေဆုံးပြီးမှ လက်နက်၊ ခဲယမ်းနဲ့ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေကို သေဆုံးသူတွေဆီကနေ တိုက်ပွဲအတွင်းသိမ်းဆည်းရရှိတာပါ။ အချို့ဆိုရင် မှန်သွားတယ်၊ လဲသွားတယ်၊ အဲ့သေတဲ့သူဆီက အကုန်လုံးမကောက်နိုင်တဲ့ အနေအထားမျိုးတွေတောင်ရှိပါတယ်။ သေဆုံးမှုကတော့ အရေအတွက်အတိအကျတော့ မသိနိုင်ပါဘူး။ ဒီသိမ်းဆည်းလာတဲ့ပစ္စည်းတွေကတော့ သူတို့ သေဆုံးသူတွေဆီကနေ ပြန်ပြီးတော့ သိမ်းယူလာခဲ့တာဖြစ်ပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။

 

ree

တိုက်ပွဲအတွင်း  MA-3 (၄) လက်၊ MA-1 (၅) လက်၊ BA-63/ G3 (၁) လက်၊ ကာဘိုင် (၁) လက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်း (တို) (၁) လက်၊ MA-5/ ပစ္စတို (၁) လက်၊ MA ကျည်ဘောက် (သံ) (၃) ခု၊ MA ကျည်ဘောက်(ကော်) (၆) ခု၊ BA-63/ G3 ကျည်ဘောက် (၃) ခု၊ MA-5/ ပစ္စတို ကျည်ဘောက် (၁) ခု၊ ရှေ့ထွက်မိုင်း (၄) လုံး၊ နင်းမိုင်း (၂) လုံး၊ 60MM ဗုံးသီး (၄) လုံး၊ RPG ဗုံးသီး (၁) လုံး၊ အီနာဂါ (၂) လုံး၊ ကျည်ကာ ဦးထုပ် (၆) လုံး၊ 5.56 ကျည် (၂၈၆) တောင့်၊ 9mm ကျည် (၇) တောင့်၊ ငွေကျပ် (၅,၂၉၀,၀၀၀) ကျပ် တို့ကိုသိမ်းဆည်းရခဲ့တယ်လို့သိရပါတယ်။

 

ဒါ့အပြင် စက်တင်ဘာ ၁၈ ရက်နေ့မှာ ရွှေဘိုလေ့ကျင့်ရေး (၈)နဲ့ ဘုတ်ကုန်း (ပျူရွာ) ကနေ ခင်ဦးမြို့ထဲကို စစ်ကောင်စီစစ်ကြောင်းဝင်လာစဉ်မှာ တော်လှန်ရေးအင်အားစုတွေက ပထမအကြိမ် တိုက်ခိုက်ခဲ့တာကြောင့်ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဆုတ်ခွာသွားတဲ့စစ်ကြောင်းဟာ စက်တင်ဘာ (၂၀) ရက်နေ့ ညမှာ ခင်ဦးမြို့နယ်စစ်ကောင်စီစခန်းကို တိတ်တဆိတ် ပြန်လည်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

တိုက်ခိုက်မှုတွေကို အမှတ် (၂) ရွှေဘိုခရိုင် အမှတ် -၃ တပ်ရင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် (၁) (၂) (၃) (၄) (၅) ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ မြို့နယ် ပလဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page