ခင်ဦးမြို့လေကြောင်းဗုံးကြဲခံရမှုအတွင်း အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံလေးဦးသေဆုံး
- BVJ

- 2 hours ago
- 1 min read
ယူဂရင်း/BVJ_မေ ၂၂၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာစဥ်ကျေးရွာကို မနေ့က မေ ၂၁ရက်ညကိုးနာရီအချိန်မှာ စစ်အုပ်စုဘက်က ဂျက်ဖိုက်တာ(၁)စီး၊ Suicide Drone (၂)စီးတို့နဲ့ဗုံးကြဲခံရတာကြောင့် ဒေသခံလေးဦးသေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ မေ ၂၂ရက်မနက်မှာ အသိပေးထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို တံတားဦးတက် ဂျက်ဖိုက်တာ(၁)စီး၊ ရွှေဘို စစ်တပ်လေ့ကျင့်ရေး ၈ကလွှတ်တင်တဲ့ Suicide Drone (၂)စီးတို့နဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့်သေဆုံးသွားသူတွေဟာ အသက် ၂၀နဲ့၄၅အရွယ်ရှိ အမျိုးသားနှစ်ဦးနဲ့ အသက် ၂၇နဲ့၆၂နှစ်အရွယ်ရှိ အမျိုးသမီးနှစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်တဲ့သူတွေလည်းရှိသလို နေအိမ်အလုံး ၂၀ကျော်လည်း ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ်တွေကိုခွဲခြားခြင်းလုံးဝမပြုဘဲ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာကြောင့် ပြည်သူတွေလုံခြုံရေး အသိ/သတိမပျက်ဘဲ ဗုံးခိုကျင်းတွေတူးဖော်ခြင်း၊ လေကြောင်းသတင်းပေး iconစက် (စကားပြောစက်)တွေ ကိုင်ဆောင်/ဖွင့်လှစ်သတင်းရယူခြင်း၊ စစ်အုပ်စု လေကြောင်းတက်လာပါက ဗုံးခိုကျင်းတွေထဲဆင်းသက်ပြီးကြိုတင်တိမ်းရှောင်ကြဖို့တို့ကို ခင်ဦးပအဖက သတိပေးထားပါတယ်။
အခုလ မေလ ၂၀ရက်နေ့လည်ပိုင်း တစ်နာရီအချိန်ခန့်ကလည်း ရွှေဘိုလေ့ကျင့်ရေး ၈က လွှတ်တင်တဲ့ Suicide Drone (၂)စီးက ခင်ဦးမြို့နယ်အတွင်းကိုဗုံးကြဲချခဲ့တာကြောင့် နေအိမ်၊ အဆောက်အဦးနဲ့ ဆိုင်ခန်းတွေပျက်ဆီးဆုံးရှုံးမှုရှိခဲ့ပါသေးတယ်။




Comments