ကိုလံဘီယာငလျင် သေဆုံးသူ ၂၅၀ ကျော်သွားပြီး အသက်ရှင်မယ့်သူတွေကို ကယ်ဆယ်ရေးသမားတွေ အသည်းအသန်ရှာဖွေနေကြဆဲ
- BVJ

- 19 hours ago
- 1 min read
ကေတီ/BVJ_ သြဂုတ် ၁၁၊ ၂၀၂၆

တနင်္လာနေ့က ကိုဘီလံဘီယာနိုင်ငံမှာလှုပ်ခတ်သွားခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် အဆောက်အအုံတွေနဲ့အပျက်အစီးတွေကြားမှာပိတ်မိနေတဲ့ အသက်ရှင်သူတွေကို ကယ်ဆယ်ရေးသမားတွေကအပြေးအလွှားကယ်ဆယ်နေကြပါတယ်။
အခုချိန်ထိအတည်ပြုချက်အရ သေဆုံးသူ (၂၅၀) ကျော်ရှိသွားပြီဖြစ်ပြီး အများစုကတော့ ကာလီ (Cali) နဲ့ ပီရဲရာ (Pereira) မြို့တွေကဖြစ်ပါတယ်။
ရစ်ချတ်စကေး ပမာဏ (၇.၄) ရှိတဲ့ဒီငလျင်ဟာ တနင်္လာနေ့မနက် (၀၇:၃၄) နာရီ (ဂရင်းနစ်စံတော်ချိန် ၁၂:၃၄) မှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းဒေသအနှံ့အပြား မိုင်ရာပေါင်းများစွာအထိအကျိုးသက်ရောက်မှု ရှိခဲ့သလို အင်္ဂါနေ့မှာလည်းနောက်ဆက်တွဲငလျင်တွေဆက်ပြီး လှုပ်ခတ်နေဆဲ ဖြစ်ပါတယ်။
တရားဝင်သေဆုံးစာရင်းကတော့ (၁၈၁)ဦးရှိနေဆဲဖြစ်ပေမဲ့ ဒေသခံအာဏာပိုင်တွေဆီကစုစည်းရရှိတဲ့စာရင်းတွေအရတော့ (၂၅၀)ကျော်အထိရှိသွားပါပြီ။ ကိုလံဘီယာသမ္မတ အာဘီလာဒို ဒီ လာ အက်စပရီလာ (Abelardo de la Espriella)ကတော့ နိုင်ငံတစ်ဝန်းအရေးပေါ်အခြေအနေကြေညာထားပါတယ်။

အဆိုးရွားဆုံးထိခိုက်ခံစားရတဲ့မြို့တစ်မြို့ဖြစ်တဲ့ ပီရဲရာမြို့ကနေ အင်္ဂါနေ့မှာ အခြေအနေတွေကိုတင်ပြရင်း သမ္မတ အက်စပရီလာက သေဆုံးသူတွေအပြင် လူပေါင်း (၂,၆၀၀) နီးပါးဒဏ်ရာရရှိခဲ့ပြီး လူ (၂၀၀) နီးပါး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ဒါ့အပြင် လူနေအိမ်ပေါင်း (၁,၁၀၀) ကျော် ပြိုကျပျက်စီးခဲ့ရပြီး အိမ်ခြေ (၈,၀၀၀) ကျော်လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သူကဆိုပါတယ်။
တနင်္လာနေ့ညကနေ အင်္ဂါနေ့အထိ ပီရဲရာနဲ့ကာလီလိုမြို့တွေမှာ လူအများအပြားဟာ အိမ်တွေပျက်စီးသွားတာကြောင့်ဖြစ်စေ၊ နောက်ထပ်ပြိုကျလာမှာကို ကြောက်လို့ဖြစ်စေ ညဘက်ကိုအပြင်မှာပဲကုန်ဆုံးခဲ့ကြရပါတယ်။
ကိုလံဘီယာ ဘူမိဗေဒဌာနရဲ့ထုတ်ပြန်ချက်အရ တနင်္လာနေ့ ငလျင်လှုပ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်ငယ်ပေါင်း (၇၀) ကျော်လှုပ်ခတ်ခဲ့တဲ့အထဲမှာ အင်္ဂါနေ့ကလည်း ကာလီမြို့မှာ ငလျင်ထပ်လှုပ်တာတွေ ရှိခဲ့ပါတယ်။

ဗီဒီယိုဖိုင်တွေအရ စေတနာ့ဝန်ထမ်းရာပေါင်းများစွာကအပျက်အစီးတွေကို ဖယ်ရှားပြီး ပိတ်မိနေသူတွေကိုကယ်ထုတ်ဖို့အတွက် ကြီးမားတဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (António Guterres) ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်တဲ့ကြေညာချက်မှာ သူအနေနဲ့ "ကိုလံဘီယာ ပြည်သူတွေနဲ့ အစိုးရအတွက်ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို ကူညီပေးဖို့လုပ်ဆောင်နေပါတယ်" လို့ ဖော်ပြထားပါတယ်။
ခရက်ဒစ်-ဘီဘီစီ




Comments