“ယူကေဝန်ကြီးချုပ်နေရာအတွက် ကီယာ စတာမာကို ဘယ်သူတွေစိန်ခေါ်လာနိုင်လဲ”
- BVJ

- May 12
- 1 min read
အေတီ

ပြီးခဲ့တဲ့အပတ်ကကျင်းပခဲ့တဲ့ဒေသန္တရရွေးကောက်ပွဲမှာ လေဘာပါတီ အကြီးအကျယ်ရှုံးနိမ့်ခဲ့ပြီးနောက် ယူကေဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer)ရဲ့ နိုင်ငံရေးအနာဂတ်ဟာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပြီး ပါတီခေါင်းဆောင်မှုအပြောင်းအလဲဖြစ်လာနိုင်ခြေရှိတဲ့အပေါ် ဝေဖန်သုံးသပ်မှုတွေလည်းရှိလာနေပါတယ်။
တနင်္လာနေ့ကပြောကြားခဲ့တဲ့မိန့်ခွန်းထဲမှာ စတာမာက သူဟာယူကေနိုင်ငံအတွက်ပြောင်းလဲမှုတွေဖော်ဆောင်ပေးနိုင်သူဖြစ်ကြောင်း သူ့ပါတီရဲ့ ရွေးကောက်ပွဲကတိကဝတ်တွေကို တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ပါတယ်။
၂၀၂၄ခုနှစ်၊ဇူလိုင်လ အထွေထွေရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရပြီး လေဘာပါတီအာဏာရလာခဲ့ပေမယ့် လက်ရှိမှာဝန်ကြီးချုပ်စတာမာရဲ့ လူထုထောက်ခံမှုက အနိမ့်ဆုံးအဆင့်ကိုရောက်ရှိနေပါတယ်။ အခြားတဖက်မှာလည်း နိုင်ဂျယ် ဖာရာ့ချ် (Nigel Farage)ဦးဆောင်တဲ့ လက်ယာစွန်း Reform UK ပါတီက အရှိန်အဟုန်နဲ့ထောက်ခံမှုတွေမြင့်တက်လာနေတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာပြုလုပ်ခဲ့တဲ့ ဒေသန္တရကောင်စီရွေးကောက်ပွဲမှာ လေဘာပါတီက အင်္ဂလန်နိုင်ငံတစ်ဝန်းကောင်စီ နေရာပေါင်း ၁,၄၆၀ ကျော်ဆုံးရှုံးခဲ့ပြီး အဲ့ဒီနေရာအများစုကို Reform UKပါတီကအနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ဟာ လေဘာပါတီလိုအာဏာရပါတီတစ်ခုအတွက် ဆယ်စုနှစ်သုံးခုအတွင်းအဆိုးရွားဆုံးရလဒ်ဖြစ်ပြီး စတာမာကို ရာထူးကနုတ်ထွက်ဖို့တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာပါတယ်။
လက်ရှိအချိန်ထိ စတာမာ ရာထူးကနှုတ်ထွက်ပေးဖို့တောင်းဆိုနေတဲ့ လေဘာပါတီအမတ်အရေအတွက်က ၇၀ ကျော်သွားပါပြီ။ ယူကေဝန်ကြီးချုပ် ကီယာ စတာမာ(Keir Starmer)ရာထူးကနုတ်ထွက်မယ့် အချိန်ဇယားတစ်ခုကို အတိအလင်းချပြဖို့တောင်းဆိုနေတဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေထဲမှာ ပြည်ထဲ ရေးဝန်ကြီး ရှာဘာနာ မာမွတ် (Shabana Mahmood)လည်း ပါဝင်နေကြောင်းသိရပါတယ်။
ကီယာစတာမာ ဝန်ကြီးချုပ်ရာထူးကနုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့အတွင်းမှာသဘောထားကွဲလွဲမှုတွေရှိနေပြီး ဝန်ကြီး မာမွတ်က စတာမာကိုနုတ်ထွက်စေလိုတဲ့ အနည်းစုအုပ်စုထဲပါဝင်နေတယ်လို့ ယူဆရပါတယ်။
'စတာမာ ဖိအားများလာရတဲ့အကြောင်းရင်းတွေ'
စတာမာနဲ့သူ့ရဲ့လေဘာပါတီ လူထုထောက်ခံမှုကျဆင်းလာရတဲ့ အဓိကအချက်တွေထဲမှာ အောက်ပါအချက်တွေပါဝင်ပါတယ်။
•လူဝင်မှုကြီးကြပ်ရေးပျက်ကွက်မှု: တရားမဝင် ဝင်ရောက်လာသူတွေကို ပြန်လည်ပို့ဆောင်ဖို့ ပြင်သစ်နဲ့သဘောတူညီချက်ရယူထားပြီးဖြစ်ပေမယ့် လက်တွေ့မှာအကောင်အထည်ဖော်နိုင်မှုအားနည်းနေတာ။
• ပီတာ မန်ဒဲလ်ဆန် အရှုပ်တော်ပုံ: လိင်မှုဆိုင်ရာပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်းနဲ့ပတ်သက်မှုရှိခဲ့တဲ့ ပီတာ မန်ဒဲလ်ဆန် (Peter Mandelson)ကို အမေရိကန်သံအမတ်အဖြစ် ခန့်အပ်ခဲ့မိတာ။
• လူထုထောက်ခံမှုကျဆင်းခြင်း: စစ်တမ်းတွေအရ ယူကေမဲဆန္ဒရှင်ထက်ဝက်ကျော်က စတာမာကိုရာထူးကနုတ်ထွက်စေလိုပြီး နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာလည်း သူအနိုင်ရဖို့မလွယ်ကူတော့ဘူးလို့ယူဆနေကြပါတယ်။
'လေဘာပါတီခေါင်းဆောင်သစ် ဖြစ်လာနိုင်တဲ့သူတွေ'
လေဘာပါတီရဲ့စည်းမျဉ်းအရ လွှတ်တော်အမတ် ၂၀ ရာခိုင်နှုန်း (အမတ် ၈၁ ဦး) ကထောက်ခံရင် ခေါင်းဆောင်သစ်ရွေးချယ်ပွဲစတင်နိုင်ပါတယ်။ ကီယာစတာမာရဲ့ လေဘာပါတီခေါင်းဆောင်နေရာကို အဓိကစိန်ခေါ်လာနိုင်သူတဲ့သူတွေကတော့ -
၁။ အန်ဂျလာ ရေနာ (Angela Rayner) ယူကေဒုတိယဝန်ကြီးချုပ်ဟောင်း ရေနာကို အလားအလာအရှိဆုံးသူလို့ရှုမြင်ထားကြပါတယ်။ အခွန်ဆိုင်ရာ စည်းမျဉ်းတွေချိုးဖောက်ခဲ့မှုနဲ့ အရင်ကရာထူးကနုတ်ထွက်ခဲ့ရဖူးသော်လည်း ပါတီတွင်း လက်ဝဲယိမ်းအမတ်တွေရဲ့ထောက်ခံမှုကိုရရှိထားသူဖြစ်ပါတယ်။

၂။ ဝက်စ် စထရိတင်း (Wes Streeting) ကျန်းမာရေးဝန်ကြီး စထရိတင်းဟာ ပါတီရဲ့ ဗဟိုလက်ယာယိမ်းအမတ်များအကြားရေပန်းစားပြီး ဆက်သွယ်ပြောဆိုရေးမှာကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။သူဟာ ခေါင်းဆောင်မှုအတွက်လိုအပ်တဲ့ အမတ်အရေအတွက်ကိုစုစည်းရရှိထားပြီး ဖြစ်နိုင်တယ်လို့သတင်းတွေထွက်ပေါ်နေသူပါ။
၃။ အာရှရေးရာဝန်ကြီးဟောင်း ကတ်သရင်း ဝက်စ် (Catherine West)ဟာ စတာမာ ရာထူးကနုတ်ထွက်ဖို့အတွက် ပထမဆုံးစိန်ခေါ်ဖို့ကြိုးပမ်းခဲ့သူဖြစ်ပေမယ့် လက်ရှိမှာသူ့ဘက်ကလုံလောက်တဲ့ထောက်ခံမှုမရရှိသေးတာကြောင့် နောက်ဆုတ်သွားဖွယ်ရှိနေပါတယ်။

၄။ အန်ဒီ ဘန်နမ် (Andy Burnham) မန်ချက်စတာ မြို့တော်ဝန်ဘန်နမ်ဟာ လူထုအကြိုက်ဆုံး ကိုယ်စားလှယ်လောင်းဖြစ်ပေမယ့် လက်ရှိမှာသူဟာ လွှတ်တော်အမတ်မဟုတ်သေးတာကြောင့် ချက်ချင်းစိန်ခေါ်နိုင်ဖို့အခက်အခဲရှိနေပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်အဖြစ် သူအရွေးခံရရင် စတာမာအတွက် အကြီးမားဆုံးပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်။

ယူကေနိုင်ငံသား ၃၄ ရာခိုင်နှုန်းက ဘန်နမ် (Burnham)ဟာ စတာမာထက် ပိုမိုကောင်းမွန်တဲ့ဝန်ကြီးချုပ်တစ်ဦးဖြစ်လာလိမ့်မယ်လို့ ယူဆနေကြကြောင်း YouGov ရဲ့ လူထုစစ်တမ်းတစ်ခုမှာတွေ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဘန်နမ်ကို ပါတီခေါင်းဆောင်သစ်ဖြစ်လာနိုင်သူအဖြစ် အကြိမ်ကြိမ်ခန့်မှန်းပြောဆိုမှုတွေရှိခဲ့ပြီး သူကိုယ်တိုင်ကလည်းအဲ့ဒီအလားအလာကို လူသိရှင်ကြားငြင်းဆိုတာမရှိခဲ့ပါဘူး။
လေဘာပါတီအတွင်း သဘောထားကွဲလွဲမှုတွေပြင်းထန်နေပြီး ဝန်ကြီးချုပ်စတာမာအနေနဲ့ သူ့ရဲ့ နိုင်ငံရေးအနာဂတ်တည်ငြိမ်ဖို့ သူရဲ့ရာထူးနေရာကို ဆက်လက်ထိမ်းသိမ်းနိုင်ဖို့ခက်ခဲမှုတွေနဲ့ စတင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
Ref: အယ်လ်ဂျားဇီးယား



Comments