နီပေါ-တိဘက်နယ်စပ်မှာရေကြီးမြေပြိုမှုကြောင့် လူ ၁၅၀ ကျော်သေဆုံးပြီး ခရီးသွားရာနဲ့ချီပျောက်ဆုံးနေ
- BVJ

- 1 hour ago
- 1 min read
BVJ_သြဂုတ် ၂၆၊ ၂၀၂၆

နီပေါနိုင်ငံမှာ သြဂုတ် ၂၆ရက်ကကြီးမားတဲ့ရေကြီးမြေပြိုမှုကြီးဖြစ်ပွားခဲ့တာကြောင့် လူ ၁၅၀ ကျော်သေဆုံးသွားခဲ့ပြီး နိုင်ငံခြားခရီးသွား ရာနဲ့ချီပျောက်ဆုံးနေပါတယ်။
နီပေါနိုင်ငံ ခရီးသွားလာရေးဘုတ်အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ပျောက်ဆုံးနေတဲ့ ခရီးသွားတွေထဲမှာ အိန္ဒိယက ၁၀၀ ကျော်၊ အမေရိကန်က ၅၄ ဦး၊ ဗြိတိန်က ၃၃ ဦးအပြင် နီပေါနိုင်ငံသား ၁၀၀ ကျော်လည်းပါဝင်တယ်လို့သိရပါတယ်။ အဲဒီဒေသဟာ ဘုရားဖူးတွေနဲ့ခြေလျင်ခရီးထွက်သူတွေကြားမှာ ရေပန်းစားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

တိဘက်ဘက်မှာတော့ သေဆုံးသူ ၃ ဦးနဲ့ ပျောက်ဆုံးသူ ၂၆၅ ဦးရှိတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေကဖော်ပြပါတယ်။ နယ်စပ်စစ်ဆေးရေးဂိတ်မှာ ရေနဲ့ရွံ့နွံနံရံကြီးတစ်ခုက အဆောက်အအုံတွေကိုဝင်ရောက်ရိုက်ခတ်နေတာကို တိဘက်က CCTV ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ဒါ့အပြင် နီပေါရဲတပ်ဖွဲ့ဝင်နဲ့ စစ်သည်ဒါဇင်နဲ့ချီအပြင် လျှပ်စစ်ဝန်ထမ်းတွေလည်း ပျောက်ဆုံးနေပါတယ်။ မြေပြိုမှုဖြစ်ပွားရတာဟာ မြေငလျင်လှုပ်ခတ်မှုကြောင့်ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေကအစပိုင်းမှာယူဆခဲ့ကြပေမယ့် အမေရိကန်နိုင်ငံ ဘူမိဗေဒစစ်ဆေးရေးဌာန (USGS)ကတော့ အဲဒီ "မြေငလျင်လှုပ်ခတ်သံစဉ်စွမ်းအင်ဟာ မြေပြိုမှုကြောင့်ဖြစ်ပေါ်လာတာဖြစ်တယ်" လို့ ပြောကြားလိုက်ပါတယ်။

ရေကြီးမြေပြိုမှုဟာ ရေခဲမြစ်ရဲ့ အောက်ခြေပိုင်းပြတ်ကျသွားပြီး မီတာရာနဲ့ချီအောက်ဘက်ရှိ တောင်ကြားမြေပြင်ပေါ်ကိုပြိုကျလာတာကြောင့်ဖြစ်နိုင်တယ်လို့ Planet Labs ရဲ့ ဂြိုဟ်တုဓာတ်ပုံတွေကိုကိုးကားပြီး ပညာရှင်တွေကပြောကြားလိုက်ပါတယ်။
နယ်စပ်နှစ်ဖက်စလုံးကတာဝန်ရှိသူတွေအနေနဲ့ လက်ရှိအချိန်အထိ သယ်ဆောင်လာတဲ့ ရုပ်အလောင်း ၁၀၀ နီးပါးထက် သေဆုံးသူ စုစုပေါင်းအရေအတွက်ဟာ အများကြီးပိုများလာနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။ ခရီးသွား ၃၀၀ ကျော်ပျောက်ဆုံးနေတယ်လို့ နီပေါအစိုးရကပြောကြားထားပါတယ်။

တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ရေတွေမကျမချင်းထိခိုက်ခံစားရတဲ့ ဒေသအချို့ကို ကယ်ဆယ်ရေးရဟတ်ယာဉ်တွေဆင်းသက်နိုင်ခြင်းမရှိသေးပေမယ့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပြင်းအထန် လုပ်ဆောင်နေကြပါတယ်။

တရုတ်နိုင်ငံအနေနဲ့ နယ်စပ်စစ်ဆေးရေးဂိတ်ဆီကို ကယ်ဆယ်ရေးသမား အနည်းဆုံး ၅၇၄ ဦးစေလွှတ်ခဲ့ပေမယ့် ရေကြီးရာကပါလာတဲ့ နုံးမြေနဲ့အညိုရောင်အမှိုက်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်စေနေပါတယ်။

မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကြတဲ့သူတွေကို ပိုမိုလုံခြုံတဲ့နေရာတွေဆီကို ရွှေ့ပြောင်းပေးနေပြီး မြစ်ကမ်းပါးတလျှောက်မှာရှိနေကြတဲ့သူတွေကိုလည်း အမြဲ သတိနဲ့နေထိုင်ကြဖို့သတိပေးထားပါတယ်။
ခရက်ဒစ်- ဘီဘီစီ



Comments