ထိုင်းကိုရောက်လာမယ့် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုရဲ့ ခရီးစဉ်ဟာ "အနားယူဖို့အတွက်သာ"ဖြစ်တယ်လို့ ဆို
- BVJ

- Aug 27
- 1 min read
နီသွင်/BVJ_သြဂုတ်၂၆၊ ၂၀၂၆

လာမယ့်သီတင်းပတ်ထဲမှာ အမေရိကန်ရဲ့ USS Abraham Lincoln လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ တိုက်ခိုက်ရေးသင်္ဘောအုပ်စုဟာ ထိုင်းနိုင်ငံအရှေ့ပိုင်းကိုလာရောက်လည်ပတ်မှာဖြစ်ပြီး ဒါဟာ သင်္ဘောသားတွေ အနားယူဖို့အတွက်သပ်သပ်သာဖြစ်ကာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားလိုက်ပါတယ်။
လင်ကွန် (Lincoln) သင်္ဘောနဲ့အခြားသင်္ဘောနှစ်စင်းဟာ အရှေ့အလယ်ပိုင်းဒေသမှာတာဝန်ထမ်းဆောင်ပြီးနောက် ထိုင်းနိုင်ငံဘက်ကိုဦးတည်လာနေပြီဆိုတဲ့သတင်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဆူရာစန့် ကွန်ဆီရီ (Surasant Kongsiri)က ဗုဒ္ဓဟူးနေ့မှာအတည်ပြုပြောကြားခဲ့ပါတယ်။
စက်တင်ဘာလ ၂ရက်နေ့ကနေ ၆ ရက်နေ့အထိပြုလုပ်မယ့် ဒီခရီးစဉ်ဟာ ရက်ပေါင်း ၂၅၀ကျော်ကြာ သင်္ဘောဆိပ်ကမ်းတွေကိုဝင်ရောက်ရပ်နားခဲ့ခြင်းမရှိသေးတဲ့ သင်္ဘောသားတွေအနားယူနိုင်ဖို့အတွက် သပ်သပ်သာဖြစ်တယ်လို့သူကဆိုပါတယ်။
ထိုင်းနိုင်ငံဟာ ကမ္ဘာကျော်ခရီးသွားနိုင်ငံတစ်ခုဖြစ်တာကြောင့် လင်ကွန်သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ ရေတပ်သားနဲ့မရိန်းတပ်ဖွဲ့ဝင် ၅,၀၀၀ နီးပါးဟာ ကုန်းပေါ်တက်ပြီးအနားယူခွင့်ရဖို့ကိုအထူးမျှော်လင့်နေကြတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လင်ကွန်သင်္ဘောဟာ ၆ လကြာတာဝန်ထမ်းဆောင်ဖို့အတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က ဆန်ဒီယေဂို (San Diego) မြို့ကနေထွက်ခွာခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်လောက်က ဂူအမ် (Guam)ကျွန်းမှာ တစ်ကြိမ်သာဆိပ်ကမ်းဝင်ခဲ့ဖူးကာ လက်ရှိမှာတော့ ၉လကျော်ကြာတာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။ ဆိပ်ကမ်းမဝင်ဘဲ ပင်လယ်ပြင်ထဲမှာရက်ပေါင်း ၂၅၀ ကျော်ကြာဖြတ်သန်းခဲ့ရတာဟာစံချိန်တင်ဖြစ်နိုင်တယ်လို့ အမေရိကန် ဒီမိုကရက်တစ်ပါတီလွှတ်တော်အမတ်တွေက ပြီးခဲ့တဲ့သတင်းပတ်က ပြောကြားခဲ့ပါတယ်။
သူတို့နဲ့အခြားသူတွေဟာ သင်္ဘောပေါ်မှာရိက္ခာနဲ့ ရေပြတ်လပ်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ၊ ရေပိုက်လိုင်းပျက်စီးတာတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ သင်္ဘောသားတွေရဲ့ စိတ်ကျန်းမာရေး အကျပ်အတည်းတွေ ကြုံတွေ့နေရတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
ကာကွယ်ရေးဝန်ကြီး ပိတက် ဟက်ဆက် (Pete Hegseth) ကတော့ အဲဒီဆိုးရွားနေတဲ့ အခြေအနေတွေအကြောင်း သတင်းထုတ်ပြန်ချက်တွေကို အမှန်တရားနဲ့ လွဲချော်ဖော်ပြထားတယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။
ထိုင်းတော်ဝင်လက်နက်ကိုင်တပ်ဖွဲ့များ ရုံးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဗီထိုင်း လိုင်းသွမ်ယာ (Vithai Laithomya) ကလည်း ထိုင်းစစ်တပ်အနေနဲ့ အမေရိကန်၊ တရုတ်နဲ့ ရုရှားအပါအဝင် နိုင်ငံအားလုံးကသင်္ဘောတွေကိုကြိုဆိုပါတယ်လို့ဆိုပြီး ဘယ်နိုင်ငံကိုမှ အထူးအခွင့်အရေးပေးဆက်ဆံတာမျိုးမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ခရက်ဒစ် - Bangkok Post




Comments