ပါကစ္စတန်ဆေးရုံမီးလောင်မှု မွေးကင်းစကလေးငယ် ၁၄ ဦးသေဆုံး
- BVJ

- Aug 27
- 1 min read
သူရ/BVJ_ သြဂုတ် ၂၆၊ ၂၀၂၆

ပါကစ္စတန်နိုင်ငံရဲ့နာမည်အကြီးဆုံး ပြည်သူ့ဆေးရုံကြီးတစ်ရုံရဲ့ မီးဖွားဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မွေးကင်းစကလေးငယ် အနည်းဆုံး ၁၄ ဦး သေဆုံးသွားခဲ့ပါတယ်။
အစ္စလာမာဘတ်မြို့မှာရှိတဲ့ အဲဒီအကြီးဆုံးပြည်သူ့ဆေးရုံကြီးမှာ မီးလောင်တဲ့အချိန်က ကလေးငယ် ၁၅ ဦးရှိနေခဲ့တယ်လို့ တာဝန်ရှိသူတွေကအတည်ပြုပြောကြားထားပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ ထင်ရှားတဲ့ ပြည်သူ့ဆေးရုံကြီးတွေထဲကတစ်ခုဖြစ်တဲ့ ပီအိုင်အမ်အက်စ် (Pakistan Institute of Medical Sciences - PIMS) ဆေးရုံရဲ့ မီးဖွားဆောင်မှာ အခုလိုဝမ်းနည်းဖွယ်မီးလောင်မှုဖြစ်ပွားခဲ့တာပါ။
ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာစတင်လောင်ကျွမ်းခဲ့တဲ့ အဲဒီမီးဘေးကြောင့် ဆေးရုံရဲ့ မီးဖွားဆောင်တစ်ခုလုံး မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မီးလောင်မှုကြောင့် မွေးကင်းစကလေးငယ် ၁၄ ဦး သေဆုံးသွားခဲ့တယ်လို့အတည်ပြုထားပါတယ်။

ကျန်းမာရေးဝန်ကြီး မူစတဖာ ကာမဲလ် (Mustafa Kamal) ရဲ့ ပြောပြချက်အရ ကလေးငယ်အများစုဟာ အင်ကျူဘေးတေတာ (Incubator) လို့ခေါ်တဲ့ ကလေးစောင့်ရှောက်ရေးစက်တွေထဲမှာ ဒါမှမဟုတ် အောက်ဆီဂျင်ပိုက်တွေနဲ့ ရှိနေခဲ့ကြတာဖြစ်ပြီး အောက်ဆီဂျင်အိုးတွေက မီးလောင်မှုကိုပိုပြီးဆိုးရွားစေခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး လေအေးပေးစက် (အဲကွန်း) ကနေ စတင်ခဲ့တာဖြစ်နိုင်တယ်လို့ ဝန်ကြီးကခန့်မှန်းပြောကြားခဲ့ပေမယ့် စုံစမ်းစစ်ဆေးရေး သမားတွေကတော့ အခင်းဖြစ်ပွားရာနေရာမှာ ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး တာဝန်ရှိသူတွေဘက်က အတိအကျ အတည်မပြုရသေးပါဘူး။ အဲဒီအချိန်မှာ ဆေးရုံမှာ ပြုပြင်မွမ်းမံရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ရှက်ဘတ် ရှာရစ်ဖ် (Shehbaz Sharif) ကလည်း မကြာသေးတဲ့နှစ်တွေအတွင်း အသေအပျောက်အများဆုံး ဆေးရုံမီးလောင်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ချက်ချင်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့သလို ပါကစ္စတန်သမ္မတ အာဆစ် အလီ ဇာဒါရီ (Asif Ali Zardari) ကလည်း မွေးကင်းစကလေးငယ်တွေရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး အသက်ဆုံးရှုံးမှုတွေအတွက် "ရင်နာစရာကောင်းလှပါတယ်" လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေအားနည်းတာနဲ့ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်အကောင်အထည်ဖော်မှု အားနည်းတာတို့ကြောင့် စက်ရုံတွေနဲ့ဈေးဝယ်စင်တာကြီးတွေလို လူစည်ကားရာအဆောက်အအုံတွေမှာ မီးလောင်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
ခရက်ဒစ်- The Guardian




Comments