top of page

ကော်သူးလေအတိုင်ပင်ခံကောင်စီနဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

  • Writer: BVJ
    BVJ
  • 4 days ago
  • 1 min read

ယူဂရင်း/BVJ_ဧပြီ ၁၀၊ ၂၀၂၆

KCCနဲ့KGCဖွဲ့စည်းပြီးကြောင်း KNUကြေညာထားပုံ
KCCနဲ့KGCဖွဲ့စည်းပြီးကြောင်း KNUကြေညာထားပုံ

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို ကျယ်ပြန့်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ပူးပေါင်းအားထုတ်မှုတွေနဲ့ တရားဝင်အတည်ပြုခဲ့ပြီးနောက် ကော်သူးလေအတိုင်ပင်ခံကောင်စီ-KCCနဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ-KGCကိုဖွဲ့စည်းလိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNUက ဒီနေ့ ဧပြီ ၁၀ရက်မနက်မှာ ကြေညာပါတယ်။


တော်လှန်ရေးကာလကော်သူးလေပဋိညာဉ်မူကြမ်းကို ၂နှစ်ကျော်ရေးဆွဲပြင်ဆင်ပြီးနောက်မှာ အခုနှစ် မတ်လ ၃၁ရက်ကနေ ဧပြီ၂ရက်နေ့ ကော်သူးလေမှာကျင်းပတဲ့ ကော်သူးလေဖက်ဒရယ်ယူနစ်တည်ဆောက်ရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးပွဲမှာ အကြေအလည်ဆွေးနွေးပြီး အတည်ပြုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

 

ကော်သူးလေအတိုင်ပင်ခံကောင်စီရဲ့တာဝန်ဟာ ကော်သူးလေဖက်ဒရယ်ယူနစ်တည်ဆောက်ပုံဖော်ရေးမှာ သက်ဆိုင်ရာဒေသန္တရကိုယ်စားပြုမှုတွေပိုမိုအားကောင်းလာစေဖို့နဲ့ လိုအပ်တဲ့အကြံပြုမှုတွေနဲ့နည်းပညာတွေပံ့ပိုးမှုတွေရရှိဖို့ လမ်းညွှန်ဆောင်ရွက်ပေးဖို့ဖြစ်ကြောင်းနဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီရဲ့ တာဝန်ကတော့ လက်ရှိKNUအုပ်ချုပ်ရေးဌာန(၁၂)ခုထဲကမှ ဌာန (၇)ခုနဲ့အစပြုပြီး အဲ့ဒီဌာနတွေကိုပိုမိုကျယ်ပြန့်တဲ့ပါဝင်မှုနဲ့စွမ်းဆောင်ရည်တွေ ပိုမိုအားကောင်းလာတဲ့ ဌာနတွေဖြစ်လာရေးအတွက် ကောင်းမွန်တဲ့အုပ်ချုပ်ရေးစံနှုန်းတွေနဲ့အညီ ဆောင်ရွက်ဖို့ဖြစ်တယ်လို့ သိရပါတယ်။

 

KCCနဲ့KGCဖွဲ့စည်းပြီးကြောင်း KNUကြေညာထားပုံ
KCCနဲ့KGCဖွဲ့စည်းပြီးကြောင်း KNUကြေညာထားပုံ

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကိုအခြေပြု၍ KNU ၏ နိုင်ငံရေးဦးဆောင်မှုဖြင့် ခရိုင် (၇)ခုမှ ကိုယ်စား လှယ်များနှင့် အတူတကွ မျှဝေသတ်မှတ်ထားသည့် စံတန်ဖိုးများဖြင့် ပိုမိုပြည့်၀စွာကိုယ်စားပြုမှုရှိသောနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော ကော်သူးလေ ဖက်ဒရယ်ယူနစ်ကို ဒီမိုကရေစီနည်းလမ်းတကျ ဆက်လက် အကောင်အထည် ဖော်သွားမည်”လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

ကော်သူးလေပဋိညာဉ်ဟာ “အောက်ခြေမှအထက်သို့”ဖက်ဒရယ်ထူထောင်ရေးလုပ်ငန်းစဉ်နဲ့ ကော်သူးလေဖက်ဒရယ်ယူနစ်တခုကို ထူထောင်ရင်း အခြားသောဖက်ဒရယ်ယူနစ်တွေနဲ့ညှိနှိုင်းချိတ်ဆက်ပြီး စစ်အာဏာရှင်စနစ်ကိုဘက်ပေါင်းစုံကတိုက်ပွဲဝင်ရင်း တော်လှန်ရေးကာလအလွန် အသွင်ကူးပြောင်းရေးကာလ(သို့)စနစ်တကျကူးပြောင်းရေးအတွက် အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

 

ဒါ့အပြင် ကော်သူးလေပဋိညာဉ်မှာ ပါဝင်ကိုယ်စားပြုဖို့သတ်မှတ်ထားတဲ့ အစုအဖွဲ့ဖြစ်တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ‌ရွေးချယ်တင်မြှောက်ခြင်းခံထားရတဲ့ လူထုကိုယ်စားလှယ်တွေ ကော်သူးလေပဋိညာဉ်အတည်ပြုရေးမှာပါဝင်လာစေရေးကိုလည်း KCCဖွဲ့စည်းပြီးသုံးလအတွင်းဆောင်ရွက်သွားဖို့ကို ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page