ကသာတိုက်ပွဲ တည်ငြိမ်မှုမရှိသေး
- BVJ

- Jan 16
- 1 min read
မိုနာ/BVJ_ဇန်နဝါရီ ၁၆၊ ၂၀၂၆

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ်တပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာ နှစ်ပတ်ကျော် သုံးပတ်နီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။
ဒီဇင်ဘာ နောက်ဆုံးပါတ်ကစတင်ခဲ့တဲ့ အဲ့ဒီမြို့သိမ်းတိုက်ပွဲအတွင်းမှာ KIAနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က နေရာအချို့ကိုသိမ်းပိုက်စိုးမိုးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ စစ်အုပ်စုက လက်နက်ကြီး၊လေယာဉ်၊ အသေခံဒရုန်းစတာတွေနဲ့ပစ်ခတ်တာကြောင့် ဒေသထိခိုက်မှုအခြေအနေရှိခဲ့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက အခုလဒုတိယပါတ်အတွင်းမှာ ထိုးစစ်ခဏရပ်နားပြီး မြို့ထဲကနေမြို့ပြင်ကိုဆုတ်ခွာပေးထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် တိုက်ပွဲကလုံးဝရပ်သွားတာမဟုတ်ဘဲ ပစ်ခတ်မှုတချို့ရှိနေသေးသလို စစ်အုပ်စုဘက်ကလက်နက်ကြီး၊ဒရုန်းစတာတွေနဲ့လည်း နေ့တိုင်းပစ်ခတ်မှုလုပ်နေတယ်လို့ ကသာဒေသတွင်းစစ်ရှောင်တွေကို ကူညီပေးနေသူက Burma VJကိုပြောပါတယ်။
စစ်အုပ်စုဘက်ကတော့ PDFတွေနဲ့KIAအဖွဲ့တွေဆုတ်ခွာသွားတာကြောင့် တိုက်ပွဲတွေမရှိတော့ဘဲ စစ်ဘေးရှောင်တွေဟာ မြို့တွင်းပြန်ဝင်လာမှုတွေရှိနေတယ်လို့ဖော်ပြနေကြပါတယ်။
“မြေပြင် အချက်အလက်ကနှစ်မျိုးဖြစ်နေတယ်။ စကစဘက်ကလည်း အေးချမ်းနေပြီတို့ စျေးတွေပြန်ဖွင့်နေပြီတို့ သတင်းလွှင့်နေတာရှိတော့လေ။ မြို့ထဲတော့လူသိပ်မရှိဘူး။ စစ်ရှောင်တွေကိုကူမယ်ဆိုလည်း သေချာစုံစမ်းပြီးမှသာ မြေပြင်သမားတွေကိုအဓိကချိတ်ဆက်ကူစေချင်ပါတယ်” လို့ စစ်ရှောင်အရေးကူနေသူက ပြောပါတယ်။
လက်ရှိမှာကသာမြို့ပေါ်ကစစ်ဘေးတိမ်းရှောင်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ ကသာမြို့စောင့်တပ် ခမရ ၃၀၉တပ်ဟာရှိနေတာကြောင့် ကချင်၊ ထီးချိုင့်နဲ့မန္တလေးဘက်တွေကို တိမ်းရှောင်ထွက်ပြေးနေကြရပြီး စစ်ရှောင်တွေအတွက်ရေသန့်နဲ့အစားအသောက် လိုအပ်မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်တွေဖော်ဆောင်နေတဲ့ မြို့သိမ်းတိုက်ပွဲအတွင်းမှာ ကသာမြို့နယ်ရဲ့အနောက်ဘက် ကြံတော၊ပြည်သာယာရပ်ကွက်ရှိ ကသာမြို့စောင့်တပ် ခမရ ၃၀၉တပ်ကခံစစ်ဌာနချုပ်အဖြစ်ခုခံနေသလို အဲ့ဒီကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ရပ်ကွက်တချို့မီးလောင်မှုတွေလည်းရှိခဲ့ပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၁၃ရက်မှာ ကသာမြို့ရဲ့မြောက်ဖက်ရှိ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာရှိနေအိမ်တချို့ မီးလောင်ခဲ့ပြီး တာဝါတိုင်တွေလည်းပျက်ဆီးမှုရှိခဲ့တာကြောင့် ဖုန်းလိုင်းပြတ်တောက်မှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
“အဓိကတော့ ၃၀၉တပ်က မြို့ထိပ်မှာရှိနေပြီး အထွက်မှာအပိတ်လိုဖြစ်နေတော့ မြို့ထဲကထွက်တဲ့သူတွေက ကချင်ဘက်အားပြုထွက်နေရတယ်။ စစ်ရှောင်တွေအများကြီးပဲပြန့်နေတယ်ပဲပြောရမှာပေါ့။ ထီးချိုင့်ဘက်လည်းရှောင်ကြတယ်။ မန္တလေးဘက်လည်းဆင်းကြတယ်။ မိုးညှင့်းဘက်၊ စစ်ကိုင်းဘက်တွေလည်းသွားကြတယ်။ ထီးချိုင့်ဘက်ဆို ရေသန့်ရှာရတာမျိုး၊ ယာယီတဲဆောက်ရတာမျိုးတွေရှိတယ်။ ဓါတ်ဆီလည်း စျေးတွေအရမ်းတက်နေတယ်။ တလီတာကို ခုနှစ်ထောင်၊ရှစ်ထောင်နီးပါးရှိနေပြီ။ အဓိကသွားရေးလာရေး သယ်ယူရေးတွေမှာ ဆိုင်ကယ်တွေ၊ကားတွေအတွက်သုံးတာမှာ ခက်ခဲသွားတာမျိုးပေါ့”
ကသာမြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတစ်ဦးကလည်း စစ်ရှောင်တွေဟာ မိသားစုလိုက်ရှောင်တိမ်းတာမျိုးမဟုတ်ဘဲ အခြေအနေပေါ်မူတည်ပြီး နေရာဒေသကိုရွေးချယ်တိမ်းရှောင်နေကြရတာဖြစ်တယ်လို့ ပြောပါတယ်။
“လူငယ်တွေက KIA တပ်မဟာ ၈ အစပ်နားဖြစ်တဲ့ မိုးညှင်းဘက်ရွှေ့ပြီး အသက်ကြီးပိုင်း၊အမျိုးသမီး၊ကလေးတွေက မန်းလေး၊မော်လူး ထိးချိုင့်နဲ့ တောင်ကြီးဘက်ရွှေ့ကြပါတယ်။ အဲဒါကြောင့် စစ်ရှောင်တွေက တမိသားစုလုံးပြန့်ကျဲရှောင်နေရသလိုဖြစ်တာပါ။ လမ်းကပွင့်ပေမယ့် ၀က်လက်ဘက်မှာက ပေါ်တာအရမ်းဆွဲလို့ လူငယ်တွေကကချင်ဘက်ဘဲပြေးရတာပါ”
စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ဝက်လက်မြို့တွေဘက်မှာ စစ်အုပ်စုဟာ လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်ပါတယ်။
စစ်ကိုင်း-ကချင်အစပ်မှာရှိတဲ့ ကသာမြို့ဟာ ကုန်းကြောင်း၊ရေကြောင်းအရအချက်ချာကျတဲ့မြို့ဖြစ်ပြီး စစ်အုပ်စုဘက်ကလည်း ကသာမြို့မကျရေးအတွက် အပြင်းအထန်ကာကွယ်မှုတွေလုပ်နေတယ်လို့ သိရပါတယ်။




Comments