ကရင်နီ အမှတ်၂ အကျဥ်းစခန်းက စစ်သုံ့ပန်း ၅၀ကျော်ထွက်ပြေး
- BVJ

- Jan 19
- 1 min read
အေတီ/BVJ_ဇန်နဝါရီ ၁၈၊၂၀၂၆

ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ စစ်သုံ့ပန်း စခန်းတစ်ခုက အကျဥ်းသားအားလုံးနီးပါး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတစ်ဦးက Burma VJကိုအတည်ပြုပါတယ်။
“ဒီနေ့မနက်၁နာရီလောက်မှာဖြစ်တာ။ကျွန်တော်တို့ဘက်က ခန့်ထားတဲ့ စခန်းတာဝန်ခံနှစ်ယောက်က သစ္စာဖောက်ပြီးခေါ်ထုတ်သွားတာဗျ။ ကျွန်တော်သိရသလောက် အဲ့မှာ စစ်သုံ့ပန်း ၅၈ယောက်အပြင် အခြားအမှုနဲ့ချထားတဲ့အကျဉ်းသားတွေလဲရှိတယ်"
အမှတ်၂ အကျဥ်းစခန်းကနေ ထွက်ပြေးသွားတဲ့ အကျဥ်းသား၈၀ထဲမှာ စစ်သုံ့ ပန်း၅၈ဦး ပါဝင်တယ်လို့သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်း၅၈ဦးဟာ ၂၀၂၄ ဧပြီလက ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင် ဖမ်းဆီးခံခဲ့ရတဲ့သူတွေဖြစ်ပြီး သူတို့ထဲရာထူးအမြင့်ဆုံးက ဒုတိယဗိုလ်မှူးကြီး ရဲမင်းဌေးဆိုသူဖြစ်ပါတယ်။
Burma VJက ပူးပေါင်းပါဝင်ထားတဲ့ အယ်ဂျာဇီးယား Investigations ယူနစ်ရဲ့ Exposing the hidden horrors on Myanmar’s battlefields ဗီဒီယိုမှတ်တမ်းရုပ်ရှင်ထဲမှာ ဒုဗိုလ်မှူးကြီးမင်းဌေးနဲ့ အင်တာဗျူးဖော်ပြထားပါတယ်။

စစ်သုံ့ပန်းတွေထွက်ပြေးလွတ်မြောက်ဖို့ ကူညီခဲ့တဲ့ စခန်းတာဝန်ခံနှစ်ဦးဟာ ဒေသခံတော်လှန်ရေးသမားတွေမဟုတ်ပဲ၊ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုလက်အောက်ခံရဲတပ်ဖွဲ့က CDMလုပ်လာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။
အကျဉ်းထောင် အမှတ်(၂)က အကျဉ်းသား (၈၀)ထွက်ပြေးတဲ့အမှုမှာခေါ်ထုတ်သွားတဲ့ အဓိကတရားခံထောင်ဝန်ထမ်း (၂)ဦးအကြောင်းကို ရုပ်ပုံနဲ့တကွ Karenni People's Voiceမှာသတင်းဖော်ပြထားပါတယ်။ကရင်နီကြားကာလ အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ထွက်ပြေးတဲ့အကျဥ်းသားတွေနဲ့အတူ လက်နက်ငယ် ၉ လက်ပါသွားတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။




Comments