ကရင်နီစစ်ရှောင်စခန်းတချို့မှာ အရေပြားရောဂါကူးစက်မှုနှုန်းမြင့်တက်နေ
- BVJ

- Jan 28
- 1 min read
ယူဂရင်း/BVJ_ဇန်နဝါရီ ၂၈၊ ၂၀၂၆

ကရင်နီပြည်(ကယား)ထဲက ရှားတောမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းမှာ ကလေးငယ်တွေအပါအဝင် ပြင်းထန်အရေပြားရောဂါခံစားနေရပြီး ကူးစက်မှုနှုန်းမြင့်မားနေတယ်လို့ ကရင်နီအရေးပေါ် ကယ်ဆယ်ရေးညှိနှိုင်းရေးအဖွဲ့ (CTER-Karenni)အဖွဲ့က ထုတ်ပြန်ပါတယ်။
လက်ရှိမှာဆေးဝါးပြတ်လပ်မှုဖြစ်ပေါ်နေတာကြောင့်လည်း ကလေးငယ်တွေနဲ့ရောဂါခံစားနေရသူတွေကို လုံလောက်တဲ့ကုသမှုမပေးနိုင်သေးဘဲ ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ CTER-Karenniအဖွဲ့ကမနေ့က ဇန်နဝါရီ ၂၇ရက်မှာ အသိပေးထုတ်ပြန်ထားတာပါ။
ကရင်နီပြည်အတွင်း စစ်ရှောင်တွေနဲ့ပတ်သက်ပြီးကူညီပေးနေသူတစ်ဦးက”ကလေးတွေက အနာကအစေးထွက်ပြီး တယောက်နဲ့တယောက်ကူးစက်မှု များလာတယ်။ အဓိက တကိုယ်ရည်သန့်ရှင်းမှု သေချာမလုပ်နိုင်တာမျိုးလည်းရှိတယ်။ ရေကြောင့်လည်းပါတယ်။ ဆေးဝါးကလည်းပြတ်နေတယ်ဆိုတော့လေ”လို့ Burma VJကိုပြောပါတယ်။
CTER-Karenniအဖွဲ့ထုတ်ပြန်ထားတဲ့ဓါတ်ပုံတွေအရ ကလေးငယ်တွေဟာ မျက်နှာ၊လက်နဲ့လက်ကြားတွေမှာ ဖြစ်ပွားနေတာကိုတွေ့ရပါတယ်။


လွတ်မြောက်နယ်မြေလို့လူသိများတဲ့ ကရင်နီပြည်အတွင်း စစ်အုပ်စုရဲ့ကန့်သတ်မှုတွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ခံထားရမှုတွေရှိသလို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလည်း ကန့်သတ်ခံထားရမှုတွေရှိနေပါတယ်။







Comments