မတူတာတွေဘေးဖယ်ပြီး ကရင်အမျိုးသားအလံအောက်မှာ ပူးပေါင်းလက်တွဲကြဖို့ KNUဥက္ကဌ တိုက်တွန်း
- BVJ

- Aug 15
- 1 min read
မိုနာ/BVJ_ သြဂုတ် ၁၂၊ ၂၀၂၅

ကရင်အမျိုးသားတို့ရဲ့ လိုလားချက်တွေပြည့်ဝဖို့ အမြင်မတူတွေနဲ့ မတူညီမှုတွေကို ဘေးဖယ်ထားပြီး ကရင်အမျိုးသားအလံတော်အောက်မှာ စည်းလုံးညီညွတ်စွာ အတူပူးပေါင်းလက်တွဲကြဖို့ ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပါတယ်။
“ယနေ့နဲ့ အနာဂတ် ကရင်အမျိုးသားတို့ရဲ့ လိုလားချက်တွေပြည့်ဝရရှိဖို့တာဝန်က ကျနော်တို့ရှင်သန်ကျန်ရစ်နေသူများရဲ့ ပခုံးပေါ်မှာကျရောက်နေပြီဖြစ်ပါတယ်။ ရှေ့လုပ်ငန်းများဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့အချင်းချင်းကြားထဲက မတူညီမှုများ၊ အမြင်မတူမှုများကို ဘေးဖယ်ထားပြီး ကရင်အမျိုးသားအလံတော်အောက်မှာ စည်းလုံးညီညွတ်စွာနဲ့ ကဏ္ဍအလိုက်၊ နေရာဒေသအသီးသီးမှာ အတူတကွပူးပေါင်းလက်တွဲအကောင်အထည်ဖော် ဆော်ငွရက်သွားကြဖို့ပဲ ဖြစ်ပါတယ်”လို့ ဒီနေ့မှာကျရောက်တဲ့ (၇၅)နှစ်မြောက် ကရင်အာဇာနည်နေ့ အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ အခမ်းအနားမှာ KNUဥက္ကဌက ပြောတာပါ။

ဒါ့အပြင် မဟာလူမျိုးကြီးဝါဒီနဲ့ စစ်အာဏာရှင်အုပ်စုကို အမြစ်ဖျက်နိုင်ဖို့အတွက် ကျရာကဏ္ဍကနေအားလုံးပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့အခြားအဖွဲ့အစည်းတွေ လူမျိုးစုပြည်သူလူထုတွေနဲ့အတူလက်တွဲပြီး တိုက်ဖျက်သွားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲကလည်း ပူးပေါင်းလုပ်ဆောင်မှုဟာအရေးကြီးတာကြောင့် ကရင်လူမျိုးတွေရဲ့ အနာဂတ်အတွက်စည်းလုံးဖို့လိုအပ်ကြောင်း ကရင့်အာဇာနည်နေ့မှာ မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။

ဒီနေ့မှာကျရောက်တဲ့ (၇၅)နှစ်မြောက် ကရင်အာဇာနည်နေ့ အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGကလည်း ဂါရဝပြုသဝဏ်လွှာပေးပို့ခဲ့ပြီး နွေဦးတော်လှန်ရေး လေးနှစ်ကျော်ကာလမှာ မဟာမိတ်ကရင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ အခြားတိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံး အတူလက်တွဲစုစည်းမယ်ဆိုရင် တော်လှန်ရေးအောင်မြင်ဖို့ လက်တကမ်းအကွာမှာရောက်နေပြီလို့ ဖော်ပြပါတယ်။
ကရင်အမျိုးသားတော်လှန်ရေးအတွက်သာမက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် စွန့်လွှတ်အနစ်ခံပြီး ဦးဆောင်တိုက်ပွဲဝင်နေတဲ့ KNU/KNLA အတွက် များစွာလေးစားဂုဏ်ယူကြောင်းနဲ့ ကရင်တိုင်းရင်းသားမျိုးနွယ်စုတွေအားလုံး စုစည်းညီညွတ်စွာနဲ့ကရင်တော်လှန်ရေး ရည်မှန်းချက်တွေကို အောင်အောင်မြင်မြင်ဖော်ဆောင်နိုင်ပါစေလို့လည်း NUGက ဆုတောင်းပေးထားပါတယ်။







Comments