ချင်းညီနောင်သိမ်းထားတဲ့မြို့တွေကို စစ်ကောင်စီထိုးစစ်ဆင်ဖို့ပြင်နေတာကြောင့် ကန်ပက်လက်အဝင်လမ်းတွေအားလုံးကို CDF-ကန်ပက်လက် ပိတ်
- BVJ

- Aug 21
- 1 min read
မိုနာ/BVJ_ သြဂုတ် ၂၁၊ ၂၀၂၅

ချင်းပြည်နယ်ထဲက ချင်းညီနောင်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့နယ်တွေကို မကွေးတိုင်း၊ယောဒေသကနေတဆင့် အင်အားအလုံးအရင်းနဲ့အချိန်မရွေး ပြန်ထိုးစစ်ဆင်ဖို့တိုက်ခိုက်ဖို့ စစ်ကောင်စီဦးတည်ချဉ်းကပ်လာနေတယ်လို့ CDF-ကန်ပက်လက်တပ်ဖွဲ့က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒါကြောင့် ကန်ပက်လက်မြို့နယ်အတွင်းက ဆွဲလွဲကျင်း-ကျင်ဒွေးလမ်းပိုင်းနဲ့ ဆော-ကန်ပက်လက် လမ်းပိုင်းတွေအပြင် မကွေးတိုင်းကနေ ကန်ပက်လက်မြို့နယ်အတွင်းကို ဝင်ရောက်နိုင်တဲ့လမ်းပိုင်းတွေအားလုံးကို အခုလ ၂၀ရက်ကစပြီး ယာယီပိတ်လိုက်ပြီလို့ ပြောထားပါတယ်။
ရန်သူ့ဘက်က အချိန်မရွေးထိုးစစ်ဆင်လာနိုင်တဲ့အတွက် ကန်ပက်လက်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့လည်း စစ်ရေးသတိရှိကြဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းဒဏ်ခံနိုင်တဲ့ ဗုံးခိုကျင်း၊ ကတုတ်ကျင်းတွေတူးပြီး သတိရှိရှိနေကြဖို့ တိုက်တွန်းထားပါသေးတယ်။
ကန်ပက်လက်ဒေသတွင်း လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးသိရှိနိုင်ဖို့အတွက် CDFကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူကို Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ အခုနှစ် ဒီဇင်ဘာ ၂၈မှာ ရွေးကောက်ပွဲအပိုင်း(၁)ပြုလုပ်မယ်လို့ ကြေညာထားပြီး ရွေးကောက်ပွဲအပိုင်း(၁)ကျင်းပမယ့် မြို့နယ် ၁၀၂မြို့နယ်ထဲမှာ ချင်းပြည်နယ်ထဲက တီးတိန်နဲ့ဟားခါး မြို့နယ်တို့ပါဝင်ပါတယ်။







Comments