ဝင်းမနားတိုက်နယ်ဆေးရုံ လေထီးနဲ့ဗုံးကြဲခံရ၊ အနည်းဆုံး အရပ်သား ၈ ဦးသေဆုံ
- BVJ

- Nov 12
- 1 min read
အေတီ/BVJ_နိုဝင်ဘာ ၁၁၊ ၂၀၂၅

ဒီနေ့ နိုဝင်ဘာ ၁၁ရက် မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်း၊ကနီမြို့နယ်က ဝင်းမနားတိုက်နယ်ဆေးရုံကို လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် လူနာခုနစ်ဦးနဲ့ဆေးရုံဝန်ထမ်းတစ်ဦးသေဆုံးခဲ့တယ်လို့ ကနီဒေသခံတစ်ဦးက Burma VJကိုအတည်ပြုပါတယ်။
“နမခကတက်လာတဲ့ ပါရာမော်တာစက်တပ်လေထီးက မနက်၉နာရီလောက်မှာ ဝင်းမနားတိုက်နယ်ဆေးရုံမီးဖွားဆောင်ပေါ်ကို တစ်လုံးချတယ်။ လူနာထားတဲ့ဆောင်ကို တစ်လုံးချတယ်။ စုစုပေါင်းနှစ်လုံးချတယ်။သေဆုံးသူက ၈ယောက်၊ ဒဏ်ရာရတဲ့သူက ၄၉ဦးထိရှိတယ်။ သေတဲ့သူတွေထဲမှာ ဆရာဝန်တစ်ဦး သို့မဟုတ် နာ့စ်မတစ်ဦးပါတယ်လို့ကြားတယ်ဗျ”
အာဏာသိမ်းစစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို နေ့စဥ်လိုလိုဗုံးကြဲတိုက်ခိုက်နေပြီး နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်၊ဆပ်ပြာကျင်းရွာအနီးနဲ့ကျွန်းတောလေးရွာကို ဂျက်ဖိုက်တာသုံးစီးနဲ့ ၆ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီလိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆပ်ပြာကျင်းရွာက ဒေသခံ ၁၁ ဦး၊ကျွန်းတောလေးရွာက ၂ဦး စုစုပေါင်း ၁၃ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ နာမည်မဖော်လိုတဲ့ ကနီမြို့ခံကပြောပါတယ်။
“ဆပ်ပြာကျင်းက ၁၀ရက်နေ့က အကြဲခံရပြီး ဒီနေ့မနက်ခင်း ၁၁ရက်နေ့မှာ ဝင်းမနားဆေးရုံကို ပါရာမော်တာနဲ့လာကြဲတာဆိုတော့ ဒီနှစ်ခုဆက်စပ်နိုင်တယ်။ဆပ်ပြာကျင်းကလူတွေ ဒီဆေးရုံမှာပဲသွားကုနေတယ်လို့တွက်ပြီး သွားကြဲတာလည်းဖြစ်နိုင်တယ်”လို့ ကနီဒေသခံကပြောပါတယ်။
ကနီမြို့ကနေ ၁၂ မိုင်ခန့်အကွာမှာရှိတဲ့ ဝင်းမနားတိုက်နယ်ဆေးရုံဟာ အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ဦးဆောင်လည်ပတ်နေတဲ့ဆေးရုံတစ်ရုံဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို စက်လေထီးအသုံးပြု ပစ်မှတ်ထားတိုက်ခိုက်နေပြီး၊ သီတင်းကျွတ်လပြည့် အောက်တိုဘာ ၆ရက် ညပိုင်းကလည်း စစ်ကိုင်းတိုင်း၊မုံရွာခရိုင် ချောင်းဦးမြို့နယ်၊ ဘုံတိရွာမှာ ပြုလုပ်တဲ့ဆီမီးသပိတ်ကို စက်လေထီးနဲ့ဗုံးကြဲခဲ့လို့ ၂၂ဦး အနည်းဆုံး သေဆုံးခဲ့ပါတယ်။







Comments