အာဏာသိမ်းစစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်းက ဘုန်းတော်ကြီးကျောင်းတွေနဲ့စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေ
- BVJ

- Mar 23
- 1 min read
အေတီ/BVJ-မတ်၂၁၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ဆူးလေကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့စာသင်ကျောင်းတွေကို အာဏာသိမ်းစစ်အုပ်စုက ဒီနေ့ မတ်လ ၂၁ရက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသွားပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။
ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ဆူးလေကုန်းရွာထဲက စာသင်ကျောင်းကထိခိုက်သူမရှိပေမဲ့ ဘုန်းကြီးကျောင်းမှာတော့ သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။ကနီမြို့ကို မတ်လ ၂၁ရက်၊ ဒီနေ့ မွန်းလွဲ ၁၂နာရီဝန်းကျင်မှာ နာရီဝက်ကျော်ကြာ တိုက်လေယာဉ်တွေနဲ့ဗုံးကြဲခဲ့တာလို့ ဒေသခံအရင်းအမြစ်တွေက တဆင့်သိရပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ ကနီနယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက အခြားမြို့ရွာတွေကိုလည်း ဗုံးကြဲတာတွေဆက်တိုက်ပြုလုပ်နေပါတယ်။

မတ်လ ၂၀ရက်၊ မနေ့ကလည်း စစ်ကိုင်းတိုင်း၊ကသာမြို့ပေါ် က စစ်ရှောင်တွေ ခိုလှုံနေတဲ့ မဟာလေးထပ်ဘုန်းတော်ကြီးကျောင်းကို တိုက်လေယာဉ်ငါးစီးနဲ့ ဗုံးကြဲခဲတိုက်ခိုက်ခဲ့ပြီး ရဟန်း၊သံဃာတွေအပါအဝင် သေဆုံးသူ ၈၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ အယောက်၂၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။သေဆုံးစာရင်းနဲ့ဒဏ်ရာရတဲ့သူစာရင်းအတိအကျကိုတော့ BVJ အနေနဲ့သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
၂၀၂၅ ခုနှစ်အတွင်း အာဏာသိမ်းစစ်အုပ်စုက မြန်မာနိုင်ငံတဝန်းလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃၂၀ဦးကျော်သေဆုံးကာ ၄၁၄၀ဦးကျော်ဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းမှာ နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာအဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGကထုတ်ပြန်ထားတာရှိပါတယ်။




Comments