ကန့်ဘလူမှာ အမျိုးသား ၇ ဦးမီးရှို့သတ်ခံရ၊ တစ်ဦးထွက်ပြေးလွတ်မြောက်လာ
- BVJ

- Sep 16
- 1 min read
ယူဂရင်း/BVJ_ စက်တင်ဘာ ၁၆၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ရွှေမှော်လုပ်ကွက်ကနေ အလုပ်လုပ်ပြီးပြန်လာတဲ့ အမျိုးသား (၇)ဦးဟာ စစ်အုပ်စုရဲ့ဖမ်းဆီးခြင်းခံလိုက်ရပြီး နှိပ်စက်မီးရှို့သတ်ဖြတ်တာကိုခံလိုက်ရတယ်လို့ လွတ်မြောက်လာတဲ့ ၁၅နှစ်အရွယ်လူငယ်အမျိုးသားက ပြောပါတယ်။
“အကုန်လုံး ငှက်ပျောတိုင်းရွာဟောင်းသားတွေပဲ ၇ ယောက်အဖွဲ့။ စဉ့်ကူးဘက်က ရွှေမှော်မှာ အလုပ်လုပ်တာအဆင်မပြေလို့ ဆိုင်ကယ် ၃စီးနဲ့ ပြန်လာကြတာဗျ။ လိုင်းပေါ်မှာ ကားသမားတွေပြည်သူတွေတင်ထားတာ ဗျူဟာလမ်းအတိုင်းအေးအေးဆေးဆေး အစစ်ဆေးမရှိ သွားလို့ရပြီ။ ဘာမှကြောက်စရာမရှိဘူး ဘာညာတင်ထားတော့ ကျွန်တော်တို့လည်း အေးဆေးပြန်ခဲ့ကြတာဗျ။ ရေကြည်ဦးကျော်အထိအေးဆေးပဲ၊ ဘူးကုန်းလမ်းခွဲနားက ဇရပ်ရောက်မှ ဖမ်းခံရတာ။ အကုန်ဆင်းခိုင်းပြီးရိုက်နှက်တာ၊ အလုပ်လုပ်ပြန်လာတယ်ပြောလည်းမရဘူး။ ပြီးတော့ ကျွန်တော်တို့ကို ဘူးကုန်းဘုန်းကြီးကျောင်းထဲခေါ်သွားတာ။ ကျောင်းထဲရောက်တာ့ အင်္ကျီတွေချွတ်ခိုင်းပြီး ဝါးအစိုနဲ့ထပ်ရိုက်တယ်။၄ ရက်လုံးထမင်းမကျွေးဘဲ လက်ပြန်ကြိုးတုပ်ပြီး နှိပ်စက်နေခဲ့တာ”လို့ လွတ်မြောက်လာတဲ့ ဆယ်ကျောက်သက်အရွယ်လူငယ်က ဖြစ်စဉ်ကို ပြောပြပါတယ်။
အခုလ စက်တင်ဘာ ၉ရက် မနက်၈နာရီအချိန်မှာ ရွှေမှော်လုပ်ကွက်ကနေအလုပ်လုပ်ပြီး ဆိုင်ကယ်သုံးစီးနဲ့ပြန်လာချိန်မှာ ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း၊ဘူးကုန်းလမ်းခွဲ ဇရပ်နားက စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့ ပူးပေါင်းအဖွဲ့အထိုင်ဂိတ်နားမှာဖမ်းဆီးလိုက်တာဖြစ်ပြီး ၁၂ရက်နေ့ ညနေမှာမီးရှို့သတ်ခဲ့တာလို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့က မနက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။
“၁၂ ရက်နေ့ ညနေ အချိန်တော့အတိအကျမသိဘူး ကျွန်တာ်တို့ ၇ ယောက်လုံးကို လက်ပြန်ကြိုးတုပ်လျက်နဲ့ပဲ တာယာပုံပေါ်တက်ခိုင်းတယ်၊ပြီးတော့ ခေါင်းတွေကိုတုတ်တွေနဲ့ရိုက်တယ် မေ့မျောလို့မပြေးနိုင်တော့ဘူးဆိုမှ မီးရှို့ပစ်ထားခဲ့တာ။ အဲ့ထဲမှာ ကျွန်တာ်ကကံကောင်းပြီးသတိရလို့ ထွက်ပြေးလွတ်မြောက်ခဲ့တာ”လို့ လွတ်မြောက်လာသူလူငယ်က ပြောပါတယ်။
မီးရှို့သတ်ခံရတာကြောင့် သေဆုံးသွားသူတွေဟာ ဦးစိုးတင့် (၄၅)နှစ်၊ ကိုချစ်သဲမောင် (၂၃)နှစ်၊ ကိုသန်းဇော်ထွန်း (၂၃)နှစ်၊ ကိုရီဝေမိုး (၁၈)နှစ်၊ မောင်မိုးသက်ခ (၁၆)နှစ်နဲ့ မောင်ချမ်းဖြိုးဝေ(၁၄) နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီမီးရှို့သတ်ဖြတ်ခဲ့တဲ့စစ်အုပ်စုဟာလည်း ကန့်ဘလူမြို့နယ်မှာ လှည့်ပတ်စစ်ကြောင်းထိုးနေတာ တစ်လနီးပါးကြာမြင့်နေပြီး ကျေးရွာတွေကိုမီးရှို့ဖျက်ဆီး၊ ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်ခြင်းတွေ လုပ်ဆောင်နေတာဖြစ်သလို ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို စိုးမိုးနိုင်ဖို့ကြိုးစားနေတာကြောင့် အခု ရေကြည်ဦး၊ ဘူးကုန်းရွာလမ်းခွဲ၊ ဇီးကုန်း-မလယ်လမ်းဆုံတို့မှာနေရာယူထားတာကြောင့် ပြည်သူတွေသတိရှိကြဖို့ကိုလည်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က သတိပေးထားပါတယ်။







Comments