ဇီးကုန်းရဲစခန်းကို PDFဝင်တိုက်၊ ရဲအရာရှိနှစ်ဦးအပါ စစ်သုံ့ပန်းတချို့ ဖမ်းမိ
- BVJ

- Sep 18
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၁၈၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို မနေ့ကညနေ သုံးနာရီလောက်မှာတော်လှန်ရေး တပ်တွေက ရုတ်တရက်ဝင်စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် ရဲနဲ့ပျူစောထီး ၆ ဦးခန့်သေဆုံးခဲ့သလို ရဲအရာရှိ နှစ်ဦးအပါအဝင် ၆ ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ် ၊ဇီးကုန်းရဲတွေနဲ့ပျူတွေဟာ ဒေသခံလူထုကိုခြိမ်းခြောက်ငွေတောင်းတာ၊ နှိပ်စက်ညှင်းပန်းတာ၊ မုဒိန်းကျင့်တာတွေနဲ့ ပစ္စည်းလုယက်တာတွေကို မကြာခဏပြုလုပ်နေတာကြောင့် အခုလို ဝင်ရောက်စီးနင်းရှင်းလင်းရတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် နှစ်နာရီအထိကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်းစစ်သုံ့ပန်းတွေအပါအဝင် G3 ၉ လက်၊ MA1 ၁ လက်၊ ပစ္စတို ၁ လက်သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီအခြေစိုက်ရဲစခန်းကို မီးရှိူ့ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို အမှတ်၁စစ်ဒေသ ကန့်ဘလူခရိုင်ကွပ်ကဲရေးစီမံချက်အနေနဲ့လုပ်တာဖြစ်ပြီး ရေဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ကလည်းပူးပေါင်းပါဝင်ခဲ့ပါတယ်။







Comments